
နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကွဲအက်မှုအခြေအနေကြောင့် ဆည်ရေဝင်ရောက်နိုင်သည့် ကျေးရွာများမှ လူ ၉၀၀ ခန့် ရွေ့ပြောင်းပေးထားကြောင်း ယနေ့ (အောက်တိုဘာ ၁၀ ရက်) ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ လူဦးရေ ၉၀၀ ခန့်အား ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ရေလှောင်တမံသည် အောက်တိုဘာလ ၉ ရက် ည ၉ နာရီအချိန်တွင် တာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေ အကြားတွင် အလျား ၂၀၀ ပေခန့်၊ အကျယ် ၂၅ ပေခန့်၊ အမြင့် ၁၀ ပေခန့် တမံဆင်ခြေလျှော နိမ့်ဆင်းသွားရာ မူလတမံထိပ် မျက်နှာပြင်မှ အောက်သို့ ၂၅ ပေခန့် နိမ့်ကျသွားကြောင်း သိရသည်။
လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား သိုလှောင်ထိန်းသိမ်းထားရှိရာမှ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ ထိုမှတစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်သောကြောင့် ပတ်ဝန်းကျင်ကျေးရွာများရှိ စိုက်ပျိုးမြေများ ထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)









