
နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၁၀ ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါအခမ်းအနားတွင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ယခုနှစ် ကမ္ဘာ့စာတိုက်နေ့ ဆောင်ပုဒ်ဖြစ်သည့် “စာတိုက်ကွန်ရက် တစ်ခုမှသည်၊ အကန့်အသတ်မရှိ ဖြစ်နိုင်ခြေများဆီသို့” (One postal network, infinite possibilities) ဆိုသည့်အတိုင်း ပြည်သူများကို အချင်းချင်း ချိတ်ဆက်ပေးခြင်း၊ မရှိမဖြစ် ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် ကမ္ဘာတစ်ဝန်းတွင် အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းတို့၌ စာတိုက်ဝန်ဆောင်မှုများ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြနေကြောင်း ပြောကြားခဲ့သည်။
"လူတိုင်းအတွက် မြန်မာ့စာတိုက်" (Myanmar Post for Everyone) ဟူသော မျှော်မှန်းချက်နှင့်အညီ မြန်မာ့စာတိုက်အနေဖြင့် နည်းပညာများကို အသုံးပြု၍ စာတိုက်ကွန်ရက်ကို အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းများကို တိုးချဲ့ခြင်းနှင့် ဝန်ဆောင်မှုအသစ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးရှိစေမည့် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ စာတိုက်ရုံးပေါင်း ၈၀၀ ကျော်ပါဝင်သော ကွန်ရက်ကို ထိရောက်စွာ အသုံးချလျက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒစ်ဂျစ်တယ်နည်းပညာများကို ထိရောက်စွာအသုံးပြုခြင်းနှင့် စာတိုက်ဝန်ဆောင်မှုများကို ခေတ်မီအောင်ပြုလုပ်ခြင်းတို့က အဆိုပါကဏ္ဍသည် ပြောင်းလဲလာသော ခေတ်ကာလနှင့်အညီ ရပ်တည်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်များနှင့် ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ (Xinhua)








