ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ ထင်ရှားကျော်ကြားသော သမိုင်းဝင်အမွေအနှစ်နေရာများအနက် တစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ရိုးရာလက်မှုပညာ ပစ္စည်းများ၊ ယဉ်ကျေးမှုဖျော်ဖြေပွဲများနှင့် ဒေသထွက်ကုန်ပစ္စည်းများ ပါဝင်သည့် ငါးရက်ကြာပွဲတော်အဖြစ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပလျက်ရှိသည်။

သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းစျေး နှစ် ၁၀၀ ပြည့် ရာပြည့်အခမ်းအနားတွင် ယဉ်ကျေးမှုအကအလှများ၊ သမိုင်းဝင်ဓာတ်ပုံ၊ ပစ္စည်းပြခန်းများနှင့် မြန်မာ့ရိုးရာအစားအစာများ တည်ခင်းဧည့်ခံသွားမည်ဖြစ်ပြီး အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် အဆိုပါပွဲတော်တွင် အထည်အလိပ်များ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ လက်မှုပစ္စည်းများနှင့် အစားအသောက်များ ရောင်းချသည့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်သည်။

ထို့အပြင် မြန်မာ့ရိုးရာ သနပ်ခါးပြပွဲ၊ ရုပ်သေးပွဲများ၊ ၁၉၇၀ ပြည့်လွန်နှစ်များပုံစံ တေးဂီတဖျော်ဖြေပွဲများနှင့် ရိုးရာတိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ကာ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများလည်း ပါဝင်သည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း ဆိုင်ခန်းပေါင်း ၁,၈၀၀ ကျော် ဖွင့်လှစ်ထားပြီး လက်ဝတ်ရတနာများ၊ ရှေးဟောင်းပစ္စည်းများ၊ ပန်းချီကားများ၊ ပိုးထည်နှင့် ချည်ထည်များ၊ လက်မှုပစ္စည်းများနှင့် အစားအသောက်များကို ရောင်းချလျက်ရှိသည်။ ၎င်း၏ ထူးခြားသည့် ဗိသုကာလက်ရာများနှင့် ဈေးအတွင်းရှိ ကျောက်ခင်းလမ်းများကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ခရီးသွားများအကြား ရေပန်းစားသည့် နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။

ဗိုလ်ချုပ်အောင်ဆန်းဈေး၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲများသည် ဈေး၏ ရှည်လျားသည့် သမိုင်းကြောင်းကို ဂုဏ်ပြုရုံသာမက ရန်ကုန်မြို့၏ ယဉ်ကျေးမှုဘဝတွင် ၎င်း၏ ဆက်လက်တည်ရှိနေသည့် အခန်းကဏ္ဍကိုလည်း ဖော်ပြလျက်ရှိသည်။ ထိုနေရာတွင် ရိုးရာလက်မှုပညာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာ မျိုးဆက်သစ်များထံ ဆက်လက်မျှဝေပေးလျက်ရှိသည်။ (Xinhua)