
နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၉ ရက်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း ယနေ့ နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သောသတင်းများအရ သိရသည်။
ယင်း ကျောက်မျက်ရတနာ ပြပွဲတွင် ပုလဲအတွဲ ဈေးနှုန်းများကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေရာ၌ ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။
ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁,၀၀၀ ဖြစ်ပြီး ကျောက်မျက်အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်း အချောထည်အတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၁,၀၀၀ နှင့် ကျောက်စိမ်းအရိုင်း အတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ ၅,၀၀၀ ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၇၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၃,၀၇၃ တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းနှင့် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)









