
ပေကျင်း၊ စက်တင်ဘာ ၂၁ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန်အလားအလာကောင်းရှိသည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SMEs) ကိုဖော်ထုတ်ပြီး ပံ့ပိုးကူညီနိုင်ရေးကြိုးပမ်းမှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုမ္ပဏီများဘက်မှ အထောက်အပံ့လျှောက်ထားလာသည်ကို စောင့်ဆိုင်းသည့်ပုံစံမှ အလားအလာကောင်းရှိသည့်လုပ်ငန်းများကို တက်ကြွစွာရှာဖွေဖော်ထုတ်သည့်ပုံစံသို့ ပြောင်းလဲမည်ဖြစ်ကြောင်း စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါဝန်ကြီးဌာနအနေဖြင့် ထူးခြားဆန်းသစ်သည့်ထုတ်ကုန်များ ထုတ်လုပ်ရန် ခေတ်မီအဆင့်မြင့်နည်းပညာများ အသုံးပြုသည့် SMEs လုပ်ငန်းများ ပျိုးထောင်ပေးသည့်လုပ်ငန်းစနစ်များ ပိုမိုကောင်းမွန်အောင် တိုးမြှင့်သွားမည်ဖြစ်ပြီး နည်းပညာဆန်းသစ်တီထွင်မှုနှင့် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားလုပ်ဆောင်နေသည့် စတင်တည်ထောင်ခါစကုမ္ပဏီများ ရှာဖွေဖော်ထုတ်မှုကိုလည်း ပိုမိုအာရုံစိုက် လုပ်ဆောင်သွားမည် ဖြစ်သည်။
စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် SMEs လုပ်ငန်းများနှင့် စားပွဲဝိုင်းဆွေးနွေးပွဲ၌ ဝန်ကြီးဌာနက ယင်းသို့ ကတိပြုပြောကြားခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသူများက လုပ်ငန်းများကို တက်ကြွစွာရှာဖွေဖော်ထုတ်သည့် စနစ်ကိုမြှင့်တင်ရန်နှင့် ကုမ္ပဏီများ၏လိုအပ်ချက်နှင့် ပိုမိုကိုက်ညီသောဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
SMEs များ၏ အရည်အသွေးမြင့်မားသောဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ဥပဒေနှင့် မူဝါဒဆိုင်ရာမူဘောင်များ၊ စီးပွားရေးလုပ်ငန်း ပျိုးထောင်ရေးအစီအစဉ်များနှင့် လုပ်ငန်းများအတွက် အထောက်အကူပြုဝန်ဆောင်မှုများ ဆက်လက်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့အပြင် ကုမ္ပဏီများအနေဖြင့်လည်း အထူးပြုလုပ်ငန်းများနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားဆောင်ရွက်ရန်၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန်နှင့် အဓိကကျသော နည်းပညာများတွင် ထူးခြားသောအောင်မြင်မှုများ ရရှိအောင် ကြိုးပမ်းကြရန် တိုက်တွန်းထားသည်။
SMEs လုပ်ငန်းများအနေဖြင့် မိမိတို့၏ အဓိကလုပ်ငန်းများကို အာရုံစိုက်ရန်၊ ထုတ်ကုန်များ၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့်ဝန်ဆောင်မှုများ ပိုမိုအားကောင်းအောင်ဆောင်ရွက်ရန် စက်မှုလုပ်ငန်းနှင့်ထောက်ပံ့ရေး ကွင်းဆက်များ၏ အားနည်းချက်၊ အတားအဆီးများကို ဖြေရှင်းပြီး ကြံ့ကြံ့ခံနိုင်စွမ်းနှင့်လုံခြုံစိတ်ချရမှု မြှင့်တင်ရန် အဆိုပါတာဝန်ရှိသူက တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဉာဏ်ရည်တုနည်းပညာ (AI) ၊ စီးပွားဖြစ်အာကာသယာဉ်ပျံသန်းရေးနှင့် ကွမ်တမ်နည်းပညာ အပါအဝင် ကဏ္ဍအသီးသီးမှ SMEs လုပ်ငန်း ရှစ်ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အထူးပြုလုပ်ငန်းများ နှင့်ဆန်းသစ်တီထွင်သော SMEs များအတွက် ပံ့ပိုးကူညီမှုပိုမိုအားကောင်းအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကာလအတွင်း SMEs လုပ်ငန်းများ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အစီအစဉ်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပြီး စီးပွားရေးတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေဆိုင်ရာ ရည်မှန်းချက်များ သတ်မှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
China to step up proactive support for promising SMEs
BEIJING, Sept. 20 (Xinhua) -- China will accelerate efforts to identify and nurture promising small and medium-sized enterprises (SMEs), shifting from waiting for companies to apply for support to proactively seeking out firms with strong growth potential, the Ministry of Industry and Information Technology said Sunday.
The ministry will improve mechanisms to foster SMEs that use specialized and sophisticated technologies to produce novel and unique products, and strengthen the identification of promising start-ups, particularly companies focused on technological innovation and product development.
The ministry made the promise at a roundtable with SMEs on Sunday, where participants discussed ways to improve the proactive identification mechanism and provide more targeted services to companies.
A ministry official said China will continue to improve its legal and policy framework, enterprise cultivation programs, and business support services to promote SMEs' high-quality development.
Companies are also encouraged to pursue specialized and innovative development, increase research and development investment, and seek breakthroughs in key and core technologies.
The official urged SMEs to focus on their core businesses, improve products and production processes, and strengthen services, while addressing bottlenecks and weak links in industrial and supply chains to enhance resilience and security.
Representatives from eight SMEs in sectors including artificial intelligence, commercial spaceflight and quantum technology attended the meeting.
China has strengthened support for specialized and innovative SMEs as part of broader efforts to boost industrial innovation and supply-chain resilience.
Earlier this month, China issued a plan to promote the high-quality development of SMEs during 2026-2030, setting targets for business growth, innovation, and the development environment.
Photo caption: People visit the 12th APEC Small and Medium Enterprises Technology Conference and Fair (APEC SMETC) in Qingdao, east China's Shandong Province, Nov. 10, 2023. (Xinhua/Li Ziheng)








