

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်၀န်း ယခုနှစ် ဇူလိုင်မှ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခု ရှိ မြို့နယ် ၅၅ မြို့နယ်တွင် ဇူလိုင်မှ သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်ပေါင်း ၆ သောင်းခန့် ရေ၀င်ရောက်ပြီး လူဦးရေ ၂ သိန်းကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀၀ ကျော် ဖွင့်လှစ်ခဲ့ရပြီး လက်ရှိတွင် မြို့နယ်အချို့တွင် ရေများပြန်ကျသွားသဖြင့် ရေဘေးကယ်ဆယ်ရေးစခန်း ၁၀၀ ကျော် ပိတ်သိမ်းခဲ့ပြီး လက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၆၈ ခုခန့်သာ ကျန်ရှိကြောင်း သိရသည်။
ယင်း ရေကြီးရေလျှံမှုကြောင့် အိမ် ၄၁ လုံး၊ လမ်း ၁၄ ခု၊ တံတား ၁၂ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး ဘာသာရေးကျောင်း ၁၈၈ ရေ၀င်ခဲ့ကြောင်း၊ ရေ၀င်ရောက်မှုကြောင့် အခြေခံပညာသင် ကျောင်း ၅၇၀ ကျော် ပိတ်ခဲ့ရပြီး လက်ရှိ ကျောင်း ၃၀၀ ကျော် ပြန်လည် ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် စပါးခင်း ၂ သိန်းကျော် ရေ၀င်ရောက်ခဲ့ပြီး လက်ရှိ စပါးခင်း ၄၆,၀၀၀ ကျော် ရေပြန်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အစိုးရအဖွဲ့အနေဖြင့်လက်ရှိအချိန်ထိ သိန်းပေါင်း (၃,၂၀၀) ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)








