နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၃၀ - ၂၀၃၁ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

လက်ရှိတွင် ဖွဲ့စည်းသတ်မှတ်ပြီးသည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၅ ခု ရှိပြီး ရှမ်းပြည်နယ်အတွင်းရှိ နမ့်စန်ခရိုင်၊ ကျိုင်းတုံခရိုင်နှင့် လင်းခင်းခရိုင်များတွင် ဖြစ်ကြောင်း၊ အဆိုပါ ကာကွယ်တော ဧရိယာအားဖြင့် ၁၈၀,၀၀၀ ကျော်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်၀န်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ပြောသည်။

အဆိုပါ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို ယခုနှစ်အတွင်း သတ်မှတ်ရန်လည်း အဆင့်ဆင့် ဆောင်ရွက်ထားကြောင်း၊ သစ်တောဖုံးလွှမ်းမှုရှိသည့် နေရာများအား ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်ဧရိယာ၏ ၂၆ ရာခိုင်နှုန်းကျော်ကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ပြီးဖြစ်ကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို ဖွဲ့စည်းတည်ထောင်လျှင် သစ်တောဖုံးလွှမ်းမှု ဧရိယာများလည်းတိုးလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ကြိုးဝိုင်းတော ၈၂၇ ခု၊ ကြိုးပြင်ကာကွယ်တော ၅၁၅ ခု၊ ဧရိယာဧကအားဖြင့် ၄၃၈ သိန်း ၃၆,၆၄၉ ဧက၊ စတုရန်းမိုင်ပေါင်း ၆၈,၀၀၀ ကျော်၊ ၂၆.၂၂ ရာခိုင်နှုန်းကို သစ်တောဧရိယာအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

သံယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်ရခြင်းသည် ဒေသမျိုးရင်းသစ်မျိုးများနှင့် တိရစ္ဆာန်များ၏ မူရင်းဒေသတိုးပွားလာရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံတို့ကို ထိန်းသိမ်းကာကွယ်ရန်၊ ရေမြေထိန်းသိမ်းရန်၊ ရာသီဥတု ကောင်းမွန်မျှတလာစေရန်နှင့် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေးကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။ (Xinhua)