မြန်မာနိုင်ငံ ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ အင်းလေးဖောင်တော်ဦးဘုရားအား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar Digital News)
မြန်မာနိုင်ငံ ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ အင်းလေးဖောင်တော်ဦးဘုရားအား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar Digital News)

နေပြည်တော်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းရှိ ထင်ရှားကျော်ကြားသော အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို အောက်တိုဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ဘုရားပွဲတော်ကို အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက်အထိ ၁၈ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဘုရားပွဲတော်ကာလအတွင်း ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများ ဒေသစာရီ ကြွချီအပူဇော်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်း ဒေသစာရီကြွချီအပူဇော်ခံရာတွင် အင်းတိန်ကျေးပေါခုံကျောင်း၊ ဟဲယာရွာမ၊ ငါးဖဲချောင်း၊ ကြေးစားပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်ကျောင်း၊ မန်ကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံနှင့် ရေသာအပါအဝင် ဌာန ၂၁ ခုသို့ ကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သည် အင်းလေးဒေသ၏ ထင်ရှားလှသော ရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။ (Xinhua)