
နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၃၀၀ ကျော် ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခု ခွင့်ပြုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း ယနေ့ (သြဂုတ် ၂၂ ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၃၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခုအနေဖြင့် အမေရိကန် ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်း ပါဝင်ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၂ ခုအနေဖြင့် ကျပ် ၁,၁၇၈ ဒသမ ၇၃၁ ဘီလီယံပါဝင်ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခုအနေဖြင့် အလုပ်အကိုင် ၁,၁၈၁ ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၂ ခုအနေဖြင့် အလုပ်အကိုင် ၂,၁၅၅ ခု စုစုပေါင်းအနေဖြင့် အလုပ်အကိုင် ၃,၃၃၆ ခု ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုတွင် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော် တည်ဆောက်ရောင်းချခြင်း လုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ရောင်းချခြင်းလုပ်ငန်း၊ မော်တော်ယာဥ် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ ဆိုင်ကယ်တပ်ဆင်ရောင်းချခြင်း လုပ်ငန်း၊ စိုက်ပျိုးရေးသုံး ထော်လာဂျီ တပ်ဆင်ရောင်းချခြင်းလုပ်ငန်း၊ ကျန်းမာရေးပစ္စည်း ရောင်းချခြင်းလုပ်ငန်း၊ လူသုံးကုန်များ ရောင်းချခြင်းလုပ်ငန်းနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၂ ခုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ဇူလိုင်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နိုင်ငံနှင့်ဒေသပေါင်း ၄၈ ခုရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)









