

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးရောဂါ အများဆုံး ဖြစ်ပွားလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါ အဖြစ်အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် လူ ၂,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒုတိယအဖြစ်များသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁,၀၀၀ နီးပါး၊ တတိယအဖြစ်များသည့် မွန်ပြည်နယ်တွင် ၅၀၀ ကျော်နှင့် စတုတ္ထအဖြစ်များသည့်နေရာမှာ မကွေးတိုင်းဒေသကြီး ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃,၅၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀ ဦးရှိခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယမန်နှစ်ကထက် လျော့နည်းခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးတွင် လူဦးရေ ၁၂,၃၂၀ ဦး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ကာ ၄၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ဇူလိုင်နှင့် သြဂုတ်လတို့တွင် အဖြစ်များလေ့ရှိပြီး အသက် ၅ နှစ်မှ ၉ နှစ် ကလေးများတွင်လည်း အဖြစ်များကြောင်း၊ ယခုနှစ် ဇူလိုင်လအထိ အသက် ၅ နှစ်မှ ၉ နှစ် ကလေး ၁,၄၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း ဒေါက်တာကျော်ကံကောင်းက ဆိုသည်။(Xinhua)








