
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်း၌ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အဆောက်အအုံပေါင်း ၆,၁၀၅ လုံးကို အမျိုးသားအမွေအနှစ်အဆောက်အအုံများအဖြစ် ထိန်းသိမ်းထားရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ယနေ့ (သြဂုတ် ၄ ရက်) ဆင်ဟွာသို့ ပြောကြားသည်။
အဆိုပါ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် ထိန်းသိမ်းထားသော အဆောက်အအုံများထဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အဆောက်အအုံ ၁၅၃ လုံးလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို နှစ်စဉ် လိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
"ဒီရှေးဟောင်းအဆောက်အအုံတွေဟာ သမိုင်း၊ ယဉ်ကျေးမှု၊ ရှေးဟောင်းသုတေသနနဲ့ ရိုးရာအနုပညာရပ်တွေကို ထိန်းသိမ်းထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေဖြစ်တဲ့အတွက် နိုင်ငံနဲ့ ပြည်သူတွေအတွက် ဒါတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့က အလွန်အရေးကြီးပါတယ်" ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့ကိုလည်း ရှေးဟောင်းအမွေအနှစ်နေရာများအဖြစ် သတ်မှတ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။ (Xinhua)








