
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၄ ကျောင်းမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၁၅ ရက်) မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၄ ကျောင်းမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ လသာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူး Mr. Li Qianguo ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းအောင်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး၊ လသာမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ သန်းသန်းစိန်တို့အပြင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၁၆ ခုနှစ်မှ စတင်၍ "တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း" စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ရာ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ၁၂ ခုရှိ မြို့ပေါင်း ၁၄ မြို့တို့တွင် ချစ်ကြည်ရေးစာသင်ကျောင်း ၂၄ ကျောင်းကို ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် ဒေသခံလူမှုအသိုင်းအဝိုင်းရှိ နယ်ပယ်အသီးသီးတို့၏ အားပေးထောက်ခံမှုကို ရရှိခဲ့သည့်အပြင် တရုတ်-မြန်မာ ရိုးရာချစ်ကြည်ရေးနှင့် နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုတို့၏ ထင်ရှားသော သက်သေတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)








