ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ထူထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲကို စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဂျဲန်ဖန်နော်တောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးဖုန်းမြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် စသည့် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေး ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ စသည်ဖြင့် ဧည့်သည်တော် ၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ သံအမတ်ကြီး Ms. Ma Jia မှ အမှာစကားပြောကြားရာတွင် ယခုနှစ်သည် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” စတင်သည့်နှစ်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဘက်စုံဆိုရှယ်လစ်ခေတ်မီအင်အားကြီးနိုင်ငံ တည်ဆောက်ရေး ဟူသော ဒုတိယမြောက် နှစ်တစ်ရာ ရည်မှန်းချက်ဆီသို့ လှမ်းချီလျက်ရှိကြောင်း၊ လွန်ခဲ့သော တစ်နှစ်တာအတွင်း တရုတ်-မြန်မာ ဆက်ဆံရေးမှာ ပိုမိုထွန်းကားဖွံ့ဖြိုးတိုးတက်ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ပူးတွဲမြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများအတွက် သုခချမ်းသာများ ပိုမိုဆောင်ကြဉ်းပေးလိုကြောင်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးမှ အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို ကောင်းမွန်စွာ အသိအမှတ်ပြုချီးကျူးခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ် တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ စွဲကိုင်ထားကြောင်းနှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ထာဝစဉ် မကွဲမကွာ ခိုင်မာပါစေကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်တော်များက တရုတ်နိုင်ငံအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပရဟိတဈေးရောင်းပွဲတွင်လည်း တက်ကြွစွာ ပါဝင်ဆင်နွှဲအားပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)