မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပခဲ့သော တရုတ်နိုင်ငံသို့ သွားရောက်သင်တန်းတက်ရောက်ခဲ့ကြသည့် မြန်မာ ကျောင်းသားများ၏ ချစ်ကြည်ရင်းနှီးမှု တွေ့ဆုံပွဲ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ - Chinese Embassy in Myanmar)
မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပခဲ့သော တရုတ်နိုင်ငံသို့ သွားရောက်သင်တန်းတက်ရောက်ခဲ့ကြသည့် မြန်မာ ကျောင်းသားများ၏ ချစ်ကြည်ရင်းနှီးမှု တွေ့ဆုံပွဲ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ သွားရောက်သင်တန်းတက်ရောက်ခဲ့ကြသည့် မြန်မာ ကျောင်းသားများ၏ ချစ်ကြည်ရင်းနှီးမှု တွေ့ဆုံပွဲ (Networking for Alumni of China Training Programs) ကို အောက်တိုဘာလ ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးတို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing ၊ မြန်မာအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်သင်တန်း တက်ရောက်ခဲ့ကြသည့် မြန်မာကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

သံအမတ်ကြီး Ms. Ma Jia က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာ ဆက်ဆံရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ အလေးအနက်ထားရှိသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်လည်းဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်အထိ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) သည် မြန်မာနိုင်ငံအတွက် သင်တန်းပေါင်း ၁,၆၇၂ ကြိမ် ကျင်းပပေးခဲ့ပြီး နယ်ပယ်အသီးသီးမှ အရည်အချင်းရှိသူပေါင်း ၈,၈၅၂ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကာ သင်ကြားပို့ချသော ကဏ္ဍများအနေဖြင့် သမားရိုးကျ လုပ်ငန်းစဉ်မှ ဒစ်ဂျစ်တယ်စီးပွားရေး၊ စွမ်းအင်သစ် စသည့် နယ်ပယ်ကဏ္ဍသစ်များဆီသို့ တိုးချဲ့လာခဲ့ကြောင်း ဖော်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းရလဒ်များကို အသိအမှတ်ပြုချီးကျူးကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ယူခဲ့သောပညာများကို လက်တွေ့အသုံးချ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီကြမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းသားကိုယ်စားလှယ်များက တရုတ်နိုင်ငံသို့ သွားရောက်သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံများကိုပေါင်းစပ်၍ သင်ယူရရှိခဲ့သော အသိပညာများနှင့် လုပ်ငန်းခွင်တွင် အသုံးချခဲ့သည့် အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး ပေါင်းကူးတံတားသဖွယ် တက်ကြွစွာဆောင်ရွက်ကာ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဟု တညီတညွတ်တည်း ပြောကြားခဲ့ကြကြောင်း သိရသည်။ (Xinhua)