
ဘူဒါပတ်စ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
၂၀၂၉ ခုနှစ်နှင့် ၂၀၃၁ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲများကို နိုင်ရိုဘီမြို့နှင့် မြူးနစ်မြို့တို့က အသီးသီးလက်ခံကျင်းပသွားမည်ဖြစ်ပြီး ကင်ညာနိုင်ငံ၏ မြို့တော်ဖြစ်သော နိုင်ရိုဘီမြို့အနေဖြင့် ၎င်းပြိုင်ပွဲကို အာဖရိကတိုက်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်ကောင်စီက စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်ခဲ့သော ၂၄၂ ကြိမ်မြောက် အစည်းအဝေးအပြီးတွင် အဆိုပါမြို့နှစ်မြို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ရိုဘီမြို့ကို ၂၀၂၉ ခုနှစ်ပြိုင်ပွဲအတွက်လည်းကောင်း၊ မြူးနစ်မြို့ကို ၂၀၃၁ ခုနှစ်ပြိုင်ပွဲအတွက်လည်းကောင်း ရွေးချယ်ခဲ့ပြီး လန်ဒန်နှင့် ရောမမြို့တို့မှာမူ အဆိုပါရွေးချယ်ရေးလုပ်ငန်းစဉ်၌ ရွေးချယ်ခြင်း မခံခဲ့ရပေ။
၂၀၃၁ ခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂျာမနီနိုင်ငံအနေဖြင့် ထိုပြိုင်ပွဲကို လက်ခံကျင်းပသည့် တတိယအကြိမ်မြောက် ဖြစ်လာမည်ဖြစ်သည်။
"၂၀၂၉ နှင့် ၂၀၃၁ ခုနှစ် ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြောင်း ထူးချွန်ကောင်းမွန်တဲ့ လျှောက်ထားမှု လေးခု ရရှိခဲ့တာဟာ ကျွန်တော်တို့အတွက် ကံကောင်းမှုပါပဲ၊ ဆုံးဖြတ်ချက်ချဖို့ရာ ကောင်စီအတွက် မလွယ်ကူခဲ့ပါဘူး" ဟု ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ Sebastian Coe က ပြောကြားခဲ့သည်။
"ယနေ့ချမှတ်လိုက်တဲ့ ကောင်စီရဲ့ ဆုံးဖြတ်ချက်အရဆိုရင် ကျွန်တော်တို့တွေဟာ လာမယ့်ပြိုင်ပွဲ သုံးကြိမ်ဆက်တိုက်ကို အာရှ၊ အာဖရိကနဲ့ ဥရောပတိုက်တို့မှာ ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်း ပြေးခုန်ပစ်အားကစားကို မြှင့်တင်ပေးမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု Coe က ဆိုသည်။
ပေကျင်းမြို့က ၂၀၂၇ ခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ရာ လာမည့်ပြိုင်ပွဲ သုံးကြိမ်ကို တိုက်ကြီးသုံးတိုက်တွင် အသီးသီး ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၇ ခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲသည် Sebastian Coe က ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ၁၂ နှစ်တာကာလ၏ အဆုံးသတ်လည်း ဖြစ်မည်ဖြစ်သည်။ Coe သည် ၂၀၁၅ ခုနှစ်တွင် ပေကျင်းမြို့၌ ဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်။
"နောက်ဆုံးမှာတော့ နိုင်ရိုဘီနဲ့ မြူးနစ်မြို့တို့က အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ အဆိုပြုချက်နှစ်ခုကို တင်ပြခဲ့ကြပါတယ်" ဟု Coe က ပြောကြားခဲ့သည်။ "အဲဒီမြို့တွေဟာ ကျွန်တော်တို့ရဲ့ အားကစားအတွက် ပုံစံချင်း သိပ်ကို ကွာခြားပေမဲ့လည်း စိတ်လှုပ်ရှားစရာကောင်းတာချင်းတူတဲ့ အခွင့်အလမ်းတွေကို ကမ်းလှမ်းနေပါတယ်၊ ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲကြီးနှစ်ခုကို ကျင်းပနိုင်ဖို့အတွက် မြို့နှစ်မြို့စလုံးနဲ့ ယခုအခါစတင်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ပြီဖြစ်လို့ ကျွန်တော့်အနေနဲ့ ဝမ်းမြောက်မိပါတယ်" ဟုလည်း Coe က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
.............................
(English Version)
Nairobi, Munich to host 2029, 2031 World Athletics Championships
BUDAPEST, Sept. 15 (Xinhua) -- Nairobi and Munich will host the 2029 and 2031 World Athletics Championships respectively, with the Kenyan capital set to stage the event in Africa for the first time.
The World Athletics Council selected the two cities following its 242nd meeting on Monday and Tuesday. Nairobi was chosen for 2029 and Munich for 2031, while London and Rome missed out in the bidding process.
The 2031 championships will mark the third time Germany has hosted the event.
"We were fortunate to have four outstanding bids for 2029 and 2031, and this was not an easy decision for the Council," World Athletics President Sebastian Coe said.
"With this Council decision today, we continue to fulfil our mission of growing athletics worldwide with the hosting of our World Athletics Championships in Asia, Africa and Europe over its next three editions."
Beijing will host the championships in 2027, meaning the next three editions will take place on three different continents.
The 2027 championships will also mark the end of Coe's 12-year tenure as World Athletics president. Coe was first elected president in Beijing in 2015.
"Nairobi and Munich ultimately presented two compelling propositions," Coe said. "They offer very different but equally exciting opportunities for our sport, and I am delighted that we can now begin working with both cities to stage two world-class championships." ■
Photo caption: Athletes compete during the men's 3000m steeplechase heat at the 2025 World Athletics Championships in Tokyo, Japan, Sept. 13, 2025. (Xinhua/Jia Haocheng)








