
ထရမ့်၏ အိုင်ယာလန်ပေါင်းစည်းရေးမှတ်ချက်များ နှင့်စပ်လျဉ်း၍ ဗြိတိန်ထံမှ ကန့်ကွက်မှုများ ထွက်ပေါ်လာ
အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံ၏ မြောက်အိုင်ယာလန်တို့ ပေါင်းစည်းရေးနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်များကြောင့် ဗြိတိန်ဘက်မှ ကန့်ကွက်မှုများ ပြင်းပြင်းထန်ထန်ထွက်ပေါ်လာခဲ့သည်။
အိုင်ယာလန်နိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ထရမ့်က အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံ၏ မြောက်အိုင်ယာလန်တို့ ပေါင်းစည်းသွားသည်ကို “မြင်တွေ့လိုသည်” ဟု စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
“သမ္မတထရမ့်ကတော့ ထုံးစံအတိုင်း အကျိုးဆက်ကို မစဉ်းစားဘဲ ပြောဆိုနေပြန်ပြီ။ ဂရင်းလန်းနဲ့ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာစေမယ်လို့ ပြောခဲ့တုန်းကလိုပေါ့” ဟု ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် Kemi Badenoch က စက်တင်ဘာ ၁၂ ရက်တွင် လူမှုကွန်ရက် X ပေါ်၌ ရေးသားခဲ့သည်။
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် အီရန်နှင့် စစ်ပွဲအဆုံးသတ်နိုင်မည်ဟု ထရမ့် မျှော်မှန်းထား
နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ထားသည့် အမေရိကန် ကြားကာလရွေးကောက်ပွဲများပြီးနောက် အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲမှာ ယခုနှစ် နှစ်ကုန်ပိုင်းအတွင်း အဆုံးသတ်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
“ကြားဖြတ်ရွေးကောက်ပွဲပြီးတာနဲ့ ချက်ချင်း အဆုံးသတ်သွားပါလိမ့်မယ်။ ဓာတ်ဆီဈေးလည်း ကျောက်တုံးတစ်တုံး ပြုတ်ကျသလို ကျသွားပါလိမ့်မယ်” ဟု အိုင်ယာလန်နိုင်ငံအတွင်း ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“အီရန်ဘက်က သဘောတူညီချက်တစ်ခုရဖို့ တကယ်ပဲ ဆန္ဒရှိနေတယ်။ သူတို့က အဆက်မပြတ် ဖုန်းဆက်နေကြတယ်။ သူတို့ဘက်က သဘောတူညီချက်ရချင်နေကြတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ သဘောတူညီချက်မျိုး ဖြစ်ရပါမယ်။ မကောင်းတဲ့ သဘောတူညီချက်မျိုးကိုတော့ ကျွန်တော် လက်ခံမှာမဟုတ်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆွီဒင်ရွေးကောက်ပွဲတွင် လက်ဝဲဗဟိုအတိုက်အခံအဖွဲ့ ဦးဆောင်နေကြောင်း exit poll များ ပြသ
စက်တင်ဘာ ၁၃ ရက်တွင် ဆွီဒင်လွှတ်တော်ရွေးကောက်ပွဲ မဲပေးမှုများ ပြီးဆုံးပြီးနောက် ထုတ်ပြန်ခဲ့သော exit poll နှစ်ခုအရ အတိုက်အခံအဖွဲ့က လက်ယာယိမ်းအဖွဲ့ထက် မဲအသာစီးရရှိနေသည်။
အများပြည်သူပိုင် ရုပ်သံလွှင့်ဌာန SVT ၏ exit poll အရ အတိုက်အခံပါတီ လေးခုသည် မဲအားလုံး၏ ၅၁.၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး လက်ယာယိမ်းပါတီ လေးခုက ၄၆.၈ ရာခိုင်နှုန်း ရရှိခဲ့သည်။ TV4 က ပြုလုပ်ထားသည့် ရွေးကောက်ပွဲနေ့ သီးခြားစစ်တမ်းတွင်လည်း အလားတူရလဒ် ထွက်ပေါ်ခဲ့ပြီး အတိုက်အခံအဖွဲ့က ၅၁.၃ ရာခိုင်နှုန်းနှင့် လက်ယာယိမ်းအဖွဲ့က ၄၇.၀ ရာခိုင်နှုန်း ရရှိခဲ့သည်။
အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများ အိုမန်တွင် စက်တင်ဘာ ၁၄ ရက်၌ တွေ့ဆုံမည့်အစည်းအဝေး ရွှေ့ဆိုင်း
အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများအကြား အိုမန်နိုင်ငံ Salalah မြို့၌ စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad Al Busaidi က စက်တင်ဘာ ၁၃ ရက်၌ လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
“ဒေသတွင်း သဘောတူညီမှုရရှိရေးအတွက် မနက်ဖြန် Salalah တွင် ကျင်းပဖို့စီစဉ်ထားတဲ့ ဒေသတွင်းအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပါပြီ” ဟု Al Busaidi က လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။
အင်ဒိုနီးရှား ခရီးသည်တင်သင်္ဘော မတော်တဆမှုတွင် အနည်းဆုံး လူ ခြောက်ဦး သေဆုံး၊ ၁၃၀ ဦး ပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်အတွင်း ခရီးသည်တင်သင်္ဘောတစ်စင်းနှင့် အဆက်အသွယ်ပြတ်တောက်ပြီးနောက် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ၁၃၀ ဦး ပျောက်ဆုံးနေကာ အခြားသူ ၁၀၇ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီက စက်တင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။
ရဟတ်ယာဉ်အမှုထမ်းအဖွဲ့၏ လေ့လာတွေ့ရှိချက်များပေါ် အခြေခံ၍ သင်္ဘောမှာ တိမ်းမှောက်နေသော်လည်း နစ်မြုပ်သွားခြင်း မရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Dudy Purwagandhi က စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တောင်အာဖရိကနိုင်ငံ Mpumalanga ပြည်နယ်တွင် ယာဉ်တိုက်မှုကြောင့် လူရှစ်ဦး သေဆုံး
တောင်အာဖရိကနိုင်ငံ အရှေ့မြောက်ပိုင်း Mpumalanga ပြည်နယ်တွင် စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက မော်တော်ကား ခေါင်းချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ရာ အရွယ်မရောက်သေးသူ နှစ်ဦး အပါအဝင် လူရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုမှာ တိုယိုတာဆီဒင်ကားတစ်စီးနှင့် Volkswagen ဆီဒင်ကားတစ်စီးတို့ တိုက်မိခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲခန့်တွင် Ermelo Toll Plaza အနီး၊ Ermelo နှင့် Davel ကြား N17 toll လမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Mpumalanga ပြည်နယ် အများပြည်သူဘေးကင်းရေး၊ လုံခြုံရေးနှင့် ဆက်သွယ်ညှိနှိုင်းရေးဌာနက ပြောကြားခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Sept. 14
Trump's Irish unification remarks draw opposition from Britain
The remarks of U.S. President Donald Trump on the unification of Ireland and Britain's Northern Ireland have sparked strong opposition from Britain.
During a two-day visit to Ireland, Trump said on Saturday he would "love to see" the unification of Ireland and Britain's Northern Ireland.
"President Trump is shooting from the hip as usual, just like he did with Greenland and Canada becoming the 51st state," said Conservative Party leader Kemi Badenoch on X on Saturday.
Trump expects war with Iran to end after U.S. midterm elections
U.S. President Donald Trump said Sunday that he expected war with Iran to end this year, possibly after midterm elections due in the United States in November.
"It'll end right after the midterms. Gasoline's going to drop like a rock," Trump told reporters during a visit to Ireland.
"Iran wants to make a deal so bad. They are calling constantly. They want to make a deal. They've got to make the right deal. I'm not going to make a deal that's no good," he said.
Exit polls show center-left opposition bloc leading Swedish election
Sweden's opposition bloc held a lead over the right-wing bloc in two exit polls released after voting ended in Sunday's parliamentary election.
Public broadcaster SVT's exit poll put the four opposition parties at 51.3 percent of the vote, against 46.8 percent for the four right-wing parties. A separate election-day survey by TV4 showed a similar picture, giving the opposition 51.3 percent and the right 47.0 percent.
Meeting between Iran, Gulf states scheduled for Monday in Oman postponed
A meeting between Iran and Gulf states scheduled to take place in the Omani city of Salalah on Monday has been postponed, according to a social media post by Omani Foreign Minister Sayyid Badr bin Hamad Al Busaidi on Sunday.
"In the interests of consensus the regional meeting set for tomorrow in Salalah has been postponed," Al Busaidi said on X.
At least 6 dead in Indonesia passenger vessel accident, with 130 missing
At least six people have died after a passenger vessel lost contact in Indonesia's Java Sea, while 130 remain missing and 107 others have been rescued, the country's National Search and Rescue Agency said Sunday.
Indonesian Minister of Transportation Dudy Purwagandhi said at a press conference later Sunday afternoon that, based on observations by a helicopter crew, the vessel had capsized but had not sunk. The cause of the accident remains under investigation.
8 killed in head-on collision in S. Africa's Mpumalanga
Eight people, including two minors, were killed in a head-on collision in South Africa's northeastern Mpumalanga Province early Sunday morning, local authorities said.
The crash, involving a Toyota sedan and a Volkswagen sedan, occurred at about 1:30 a.m. local time (2330 Saturday GMT) on the N17 toll road between Ermelo and Davel, near the Ermelo Toll Plaza, the Mpumalanga Department of Community Safety, Security and Liaison said.








