အင်ဒိုနီးရှားနိုင်ငံ၊ ဖလောရက်စ်ကျွန်းတွင် ၂၀၂၆ ခုနှစ် သြဂုတ် ၁၅ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကယ်ဆယ်ရေးသမားများကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ပေးပို့ထားသောဓာတ်ပုံမှတစ်ဆင့် တွေ့ရစဥ် (ဓာတ်ပုံ - Basarnas/Handout via Xinhua)
အင်ဒိုနီးရှားနိုင်ငံ၊ ဖလောရက်စ်ကျွန်းတွင် ၂၀၂၆ ခုနှစ် သြဂုတ် ၁၅ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကယ်ဆယ်ရေးသမားများကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ပေးပို့ထားသောဓာတ်ပုံမှတစ်ဆင့် တွေ့ရစဥ် (ဓာတ်ပုံ - Basarnas/Handout via Xinhua)

ဂျကာတာ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း နူဆာတန်ဂါရာပြည်နယ်၊ ဖလောရက်စ်တွင်လှုပ်ခတ်ခဲ့သည့် ပြင်းအားပမာဏ ၇.၇ အဆင့်ရှိငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၈၃ ဦးအထိ မြင့်တက်လာကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ၏ သြဂုတ် ၂၁ ရက်၌ ပြောကြားမှုအရ သိရသည်။

အေဂျင်စီ၏ ပြောကြားမှုအရ လူပေါင်း ၃၂၈ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို အခြား ၆၃၉ ဦးကလည်း အသေးစားဒဏ်ရာများ ရရှိခဲ့ကာ ဒဏ်ရာရသူနှင့်သေဆုံးသူ အရေအတွက် စုစုပေါင်း ၁,၀၅၀ ဦးရှိခဲ့ကြောင်းသိရသည်။ ထိခိုက်ပျက်စီးနေသောအိမ်များ သို့မဟုတ် ဘေးကင်းစိတ်ချရမှုမရှိတော့သည့်နေအိမ်များကြောင့် လူပေါင်း ၁၀၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။

“ငလျင်ရဲ့သက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု အေဂျင်စီက အခြေအနေကိုသုံးသပ်ထားသည့်အစီရင်ခံစာတွင် ပြောကြားခဲ့သလို ၎င်းတို့၏ အမျိုးသားကွပ်ကဲမှုဌာနချုပ်ကလည်း တိုးတက်မှုများကိုဆက်လက်စောင့်ကြည့်နေကာ ဘေးအန္တရာယ်သင့်ခဲ့သည့်ဒေသများတွင်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ယာယီအဖြစ်သာ ဆက်လက်ရှိနေမည်ဖြစ်ပြီး စိစစ်ဖော်ထုတ်ခြင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ပြောင်းလဲနိုင်ကြောင်းလည်း  အေဂျင်စီက ပြောကြားခဲ့သည်။ (Xinhua)

.........................

(English Version)

Death toll from Indonesia's Flores earthquake rises to 83

JAKARTA, Aug. 21 (Xinhua)

The death toll from a magnitude-7.7 earthquake that struck Flores in Indonesia's East Nusa Tenggara province has risen to 83, the National Search and Rescue Agency (Basarnas) said Friday.

The agency said 328 people were seriously injured and 639 others sustained minor injuries, bringing the total number of casualties, including fatalities, to 1,050. Nearly 100,000 people were displaced due to damaged or unsafe houses.

"Handling of the earthquake's impacts is still ongoing," Basarnas said in a situation report, adding that its national command post continued to monitor developments and coordinate with search and rescue teams in affected areas.

The agency said the casualty figures remained provisional and could change as identification and verification efforts continued. ■

Photo caption: This photo provided by Indonesia's National Search and Rescue Agency (Basarnas) shows rescuers conducting search and rescue operations after an earthquake, on Flores Island, Indonesia, on Aug. 15, 2026 .(Basarnas/Handout via Xinhua)