အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားအားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇွန် ၂၂ ရက်၌ အီရတ်အသင်းအား ၃-၀ ဂိုး ရလဒ်ဖြင့် ပြင်သစ်အသင်း အနိုင်ရခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား အုပ်စု I ပွဲစဉ်အတွင်း ဂိုးသွင်းရန် ကြိုးပမ်းနေသည့် ကီလီယန် အမ်ဘာပေ (ရှေ့) ကို တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားအားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇွန် ၂၂ ရက်၌ အီရတ်အသင်းအား ၃-၀ ဂိုး ရလဒ်ဖြင့် ပြင်သစ်အသင်း အနိုင်ရခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား အုပ်စု I ပွဲစဉ်အတွင်း ဂိုးသွင်းရန် ကြိုးပမ်းနေသည့် ကီလီယန် အမ်ဘာပေ (ရှေ့) ကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ၎င်းအနေဖြင့် ယခုရာသီတွင် ဟိုဆေး မော်ရင်ဟိုနှင့် လက်တွဲလုပ်ဆောင်နိုင်ရန် မျှော်လင့်နေပြီး ဆုကြီးများ မရရှိခဲ့သည့် နှစ်ရာသီအပြီးတွင် ဆုဖလားများဆွတ်ခူးနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ရီးရဲလ်မက်ဒရစ်အသင်းတွင် ကံကြမ္မာကို ပြောင်းလဲရန် တာဝန်ဖြင့် ယင်းအသင်း၌ ဒုတိယသက်တမ်းအဖြစ် နွေရာသီစတင်ချိန် ရောက်ရှိလာသော ပေါ်တူဂီနိုင်ငံသား နည်းပြ မော်ရင်ဟိုနှင့် အဆက်မပြတ် ဆက်သွယ်နေကြောင်း အမ်ဘာပေက ရီးရဲလ်မက်ဒရစ် ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။

"ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကျွန်တော်တို့ စကားအများကြီး ပြောဖြစ်ခဲ့ကြပါတယ်။ ကျွန်တော့်ကို သူ အများကြီး ရှင်းပြခဲ့ပါတယ်" ဟု သြဂုတ် ၁၄ ရက်၌ ထုတ်ပြန်ခဲ့သော အင်တာဗျူးတွင် အမ်ဘာပေက ပြောကြားခဲ့သည်။

"ဘယ်လိုအနိုင်ယူရမလဲဆိုတာ သိပြီး အနိုင်ယူဖို့နည်းလမ်းနဲ့ပတ်သက်လို့ ဘယ်လိုလမ်းညွှန်ပေးရမလဲဆိုတာကို သိတဲ့ ဒီလိုနည်းပြမျိုးရှိတာဟာ သိပ်ကို ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဘယ်ကိုသွားနေလဲဆိုတာသိတဲ့ နည်းပြရှိတာကို ကစားသမားတိုင်းက ဝမ်းသာကြမယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ အဲဒါက ကျွန်တော်တို့အတွက် အပြုသဘောဆောင်ပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အောင်ပွဲခံစရာ အနည်းငယ်သာရှိသော နှစ်ရာသီအပြီးတွင် အသင်းအပေါ် ဖိအားများ ရှိခဲ့သည်ကို အမ်ဘာပေက ဝန်ခံခဲ့သည်။

"ဒီနှစ်မှာ ကျွန်တော်တို့ ဆုဖလားတွေ ထပ်ရပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့ လိုချင်တာပဲ၊ ဒါဟာ ဖြစ်လည်း ဖြစ်လာမှာ" ဟု ၎င်းက ယုံကြည်လျက် "ကျွန်တော်တို့ အနိုင်ရရမယ်" ဟု ၎င်းက ဖွင့်ဟပြောကြားခဲ့သည်။

"အသင်းက စိတ်အားထက်သန်နေတယ်လို့ ကျွန်တော်အနေနဲ့ ခံစားရပါတယ်။ ကျွန်တော်တို့တွေ တစ်နှစ်ပတ်လုံး အာရုံစိုက်သွားမှာပါ၊ ဘာလို့လဲဆိုတော့ အသင်းနဲ့အတူ ဆုဖလားတွေ ရယူတာ၊ ပျော်ရွှင်မှုကို ခံစားတာ၊ ပရိသတ်တွေထံ ပျော်ရွှင်မှု ယူဆောင်လာပေးတာထက် ပိုပြီးတော့ အရေးကြီးတာ ဘာမှမရှိဘူး" ဟု ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက မှတ်ချက်ပြုခဲ့သည်။

သြဂုတ် ၂၂ ရက်တွင် ရီးရဲလ်မက်ဒရစ်အသင်းက အက်စ်ပန်ညိုအသင်းနှင့် ရာသီသစ်ကို စတင်မည့် အဝေးကွင်းပွဲစဉ်မတိုင်ခင် တိုတောင်းသော်လည်း ပြင်းထန်သည့် ရာသီကြိုလေ့ကျင့်မှုကာလ၏ အရေးပါမှုကိုလည်း ယခုနွေရာသီ ကမ္ဘာ့ဖလားတွင် ဂိုးအများဆုံးသွင်းထားသူ အမ်ဘာပေက အလေးထားပြောကြားခဲ့သည်။

"အခုအချိန်ဟာ ကျွန်တော်တို့ အရမ်းကို ကြိုးစားလုပ်ဆောင်နိုင်တဲ့ အချိန်ပါ။ နောက်ပိုင်းမှာ ပွဲတွေ စတင်တဲ့အခါ လေ့ကျင့်မှုပမာဏကို ပိုပြီးတော့ စီမံခန့်ခွဲရပါမယ်။ ပထမဆုံး လိဂ်ပွဲစဉ်အတွက် ကျွန်တော့်အနေနဲ့ အဆင်သင့်ဖြစ်အောင် အပြည့်အဝ အားစိုက်ထုတ်ပြီး အခြေအနေသစ်တွေကို သိမြင်နားလည်ဖို့ အချိန်ရောက်ပါပြီ" ဟု အမ်ဘာပေက နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

Mbappe looking forward to winning titles with Mourinho

MADRID, Aug. 14 (Xinhua) -- Real Madrid striker Kylian Mbappe said he is looking forward to working with Jose Mourinho this season and set his sights on winning silverware after two seasons without major titles.

Speaking to Real Madrid TV, Mbappe said he had been in constant contact with the Portuguese coach who arrived at the start of the summer for a second spell at the club, with the task of turning fortunes around at the Spanish giants.

"We spoke a lot during the World Cup, and he explained a lot of things to me," said Mbappe in an interview published on Friday.

"I think it's very positive to have a coach like that, who knows how to win and knows how to give the direction on how to win. I think every player is delighted to have a coach who knows where he's going, and that's positive for us," he added.

Mbappe admitted there was pressure on the squad after two seasons with little to celebrate.

"We have to win," he admitted, although he was confident that "this year we're going to win titles again. That's what we want, and that's what's going to happen."

"I feel that the team is motivated and we're going to be focused all year, because there's nothing more important than winning titles with the team, feeling that joy, and bringing joy to the fans," commented the French striker.

The top scorer in this summer's World Cup also highlighted the importance of a short, but intense pre-season before Real Madrid kicks off the new season away to Espanyol on August 22.

"Now is the time when we can work the hardest. Later, when the matches start, we have to manage the workload more. It's time to go all out and get a feel for things so I'm ready for the first league match," concluded Mbappe. ■

English Caption

Kylian Mbappe (front) goes for goal during France's 3-0 win over Iraq in Group I of the 2026 FIFA World Cup at Philadelphia Stadium, the United States, June 22, 2026. (Xinhua/Lui Siu Wai)