တင်းမာမှုများ အရှိန်မြင့်တက်နေခိုက် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ ထွက်ခွာရေးအတွက် စဉ်းစားကြရန် အမေရိကန်သံရုံးများက ၎င်းတို့နိုင်ငံသားများကို တိုက်တွန်း

အရှေ့အလယ်ပိုင်းဒေသနိုင်ငံ ၁၀ နိုင်ငံခန့်ရှိ အမေရိကန်သံရုံးများက ၎င်းတို့နိုင်ငံသားများအား သတိဝီရိယဖြင့် နေထိုင်ကြရန်နှင့် ထွက်ခွာရေးအတွက် စဉ်းစားကြရန် သို့မဟုတ် တင်းမာမှုများ အရှိန်မြင့်တက်လာပါက ထွက်ခွာနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားကြရန် ဩဂုတ် ၁ ရက်၌ သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေး၊ ဂျော်ဒန်၊ အီရတ်၊ အီဂျစ်၊ ဘာရိန်း၊ ယူအေအီး၊ ကာတာ၊ ဆော်ဒီအာရေဗျ စသည့် နိုင်ငံများမှ အမေရိကန်သံရုံးများက အလားတူ လုံခြုံရေးဆိုင်ရာ သတိပေးချက်များကို ဝက်ဘ်ဆိုက်များမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ "စွန့်စားသော" လုပ်ရပ်များကို အီရန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

အမေရိကန်အနေဖြင့် "စွန့်စားသော" လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီက ဩဂုတ် ၁ ရက်၌ သတိပေးလိုက်ပြီး ယင်းလုပ်ရပ်များအတွက် တာဝန်ရှိသူများအနေဖြင့် အကျိုးဆက်ကို တာဝန်ယူရလိမ့်မည်ဟုလည်း ပြောကြားခဲ့ကြောင်း အီရန်အစိုးရနှင့် တစ်စိတ်တစ်ပိုင်းဆက်နွှယ်သည့် Mehr သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ပါကစ္စတန် စစ်ဦးစီးချုပ် အာဆင် မူနီယာ၊ တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ် ဘင်ဖာဟန် အယ်ဆော့ဒ်တို့နှင့် တယ်လီဖုန်းဖြင့် သီးခြားဆက်သွယ်ဆွေးနွေးစဉ် အာရက်ဂ်ချီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကာ အဆိုပါ ဆွေးနွေးမှုအတွင်း ဒေသတွင်း၌ လတ်တလော ဖြစ်ပေါ်ပြောင်းလဲမှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်ဟု Mehr သတင်း၌ ဖော်ပြထားသည်။

အီရန်အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် အမျိုးသားလုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း၊ ကျူးကျော်ရန်စသည့် လုပ်ရပ်ဟူသမျှကိုလည်း ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း အာရက်ဂ်ချီက မူနီယာနှင့် ဖီဒန်တို့ကို ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်ရှိ စားသောက်ဆိုင်အနီးတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သေနတ်သမားကို ရဲတပ်ဖွဲ့က တုံ့ပြန်

အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ် တွင်းဖောလ်စ်မြို့ရှိ In-N-Out Burger စားသောက်ဆိုင်အနီးတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သေနတ်သမားတစ်ဦးကို ရဲတပ်ဖွဲ့က တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း အာဏာပိုင်များက ဩဂုတ် ၁ ရက်၌ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာ၌ တာဝန်ထမ်းဆောင်လျက်ရှိပြီး ဥပဒေစိုးမိုးရေးအရာရှိများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်သူများအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်စေရန် ယင်းနေရာနှင့်ဝေးရာတွင် နေထိုင်ကြရန် ဒေသခံများနှင့် ခရီးသွားများအား ပန်ကြားထားသည်ဟု တွင်းဖောလ်စ်မြို့ရဲဌာန၏ အများပြည်သူဆိုင်ရာ လုံခြုံရေးသတိပေးချက်၌ ဖော်ပြထားသည်။

အစ္စရေးအနေဖြင့် ဂါဇာဒေသမှ ဆုတ်ခွာရန်၊ တိုက်ခိုက်မှုများကို အဆုံးသတ်ရန် လိုအပ်ဟု ဟားမက်စ်နှင့် အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့တို့ အလေးအနက်ပြော

အစ္စရေးအနေဖြင့် ကျူးကျော်ရန်စမှုများကို ရပ်တန့်ရန်နှင့် ဂါဇာကမ်းမြောင်ဒေသမှ အလုံးစုံဆုတ်ခွာရန် လိုအပ်သည်ဟု အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အစ္စလာမ်မစ် ဂျီဟတ်လှုပ်ရှားမှုအဖွဲ့ (PIJ) တို့က ဩဂုတ် ၁ ရက်၌ အလေးအနက်ပြောကြားခဲ့သည်။

အနောက်ဘက်ကမ်းဒေသရှိ ဟားမက်စ်အဖွဲ့ခေါင်းဆောင် ဇာဟာ ဂျဘာရင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အထွေထွေအတွင်းရေးမှူး ဇီအက်ဒ် အယ်လ်-နာခလာ ဦးဆောင်သော PIJ ကိုယ်စားလှယ်အဖွဲ့နှင့် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဟားမက်စ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ စားသောက်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၃ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

ရုရှားနိုင်ငံ မော်စကိုမြို့လယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ လက်လုပ်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံ အမျိုးသားအကြမ်းဖက်မှုနှိမ်နင်းရေးကော်မတီ (NAC) က ဩဂုတ် ၁ ရက်၌ ပြောကြားခဲ့သည်။

အမျိုးသမီးတစ်ဦးက ကူဒရင်စကာယာရင်ပြင်အနီးရှိ အဆိုပါစားသောက်ဆိုင်ထဲသို့ ဖောက်ခွဲရေးပစ္စည်း ယူဆောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု NAC က ဆိုသည်။ ထိုဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲစဉ် အဆိုပါအမျိုးသမီးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ခုမာမိုတိုစီရင်စုတွင် ငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၃၆ ဦး ရှိလာခဲ့ကာ လူထောင်ပေါင်းများစွာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ရဆဲဖြစ်

ဂျပန်နိုင်ငံ ခုမာမိုတိုစီရင်စုတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၆ ဦး ရှိလာခဲ့ကာ ဒေသခံ ၉,၂၀၀ ကျော်မှာလည်း ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ရဆဲဖြစ်သည်ဟု စီရင်စုအာဏာပိုင်များက ဩဂုတ် ၁ ရက်၌ ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံတွင် လတ်တလော အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုမှာ အကြီးမားဆုံးဖြစ်ဟု WHO ပြော

ကွန်ဂိုနိုင်ငံ (DRC) တွင် လက်ရှိဖြစ်ပွားနေသော အီဘိုလာ‌ရောဂါ ကူးစက်မှုမှာ ယင်းနိုင်ငံ၏ အကြီးမားဆုံး ကူးစက်ပြန့်ပွားမှု ဖြစ်လာခဲ့ကာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်ပွားခဲ့စဉ်ကထက် ကူးစက်သူဦးရေ ကျော်လွန်သွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဩဂုတ် ၁ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

........................................................................

(English Version)

Daily World Briefing, Aug. 2

U.S. embassies urge citizens to "consider departing" Mideast countries amid heightened tensions

The U.S. embassies in some 10 Middle East countries on Saturday warned American citizens to exercise caution and "consider departing or be prepared to depart should there be escalation."

On their websites, the U.S. embassies in countries including Israel, Jordan, Iraq, Egypt, Bahrain, the United Arab Emirates, Qatar and Saudi Arabia issued similar security alerts.

Iranian FM warns U.S. against "adventurous" actions

Iranian Foreign Minister Seyed Abbas Araghchi on Saturday warned the United States against taking any "adventurous" actions, saying those responsible would bear the consequences, according to Iran's semi-official Mehr news agency.

Araghchi made the remarks during separate phone conversations with Pakistan's Chief of Army Staff Asim Munir, Turkish Foreign Minister Hakan Fidan and Saudi Foreign Minister Prince Faisal bin Farhan Al Saud, during which they exchanged views on the latest regional developments, Mehr said in a report.

Araghchi told Munir and Fidan that Iran was fully prepared to safeguard its national sovereignty, territorial integrity and national security, and would respond decisively to any act of aggression.

Police respond to active shooter incident near restaurant in U.S. Idaho

Police were responding to an active shooter incident near an In-N-Out Burger restaurant in Twin Falls, in the U.S. state of Idaho, authorities said Saturday.

The Twin Falls Police Department said in a public safety alert that officers were working in the area and asked residents and visitors to stay away so that law enforcement officers and first responders could operate safely.

Hamas, Islamic Jihad stress need for Israeli withdrawal from Gaza, end to hostilities

The Islamic Resistance Movement (Hamas) and the Islamic Jihad Movement (PIJ) on Saturday stressed the need to compel Israel to halt its "aggression" and fully withdraw from the Gaza Strip.

In a press statement, Hamas said a delegation headed by Zaher Jabarin, the movement's leader in the West Bank, met with a PIJ delegation led by Secretary-General Ziad al-Nakhalah in Cairo, the Egyptian capital.

Explosion at Moscow restaurant kills 3, injures 21

Three people were killed and 21 others injured after an improvised explosive device detonated at a restaurant in central Moscow, Russia's National Anti-Terrorism Committee (NAC) said Saturday.

According to the NAC, a woman attempted to bring the explosive device into the restaurant located near Kudrinskaya Square. She was killed when the device detonated.

36 killed, thousands still sheltering after Japan's Kumamoto earthquake

The death toll from the powerful earthquake that struck Japan's Kumamoto Prefecture reached 36, while more than 9,200 residents remain in evacuation shelters, prefectural authorities said Saturday.

Current Ebola outbreak largest ever recorded in DR Congo: WHO

The ongoing Ebola outbreak in the Democratic Republic of the Congo (DRC) has become the largest ever recorded in the country, surpassing the 2018-2020 epidemic, the World Health Organization (WHO) said Saturday.