
နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ၊ နေပြည်တော်၌ နို၀င်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၂၄ ခုနှစ် STEPS စစ်တမ်း၏ တွေ့ရှိချက်များကို ကိုးကားပြောကြားရာ၌ မြန်မာနိုင်ငံလူဦးရေ၏ ၇.၉ ရာခိုင်နှုန်းသည် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနေပြီး နောက်ထပ် ၁၂.၃ ရာခိုင်နှုန်းမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားရန် အကြိုအဆင့်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “ဆီးချိုသွေးချိုရောဂါဘေး စောစောရှာဖွေကုသပေး” (Early Action on Diabetes) ခေါင်းစဉ်အောက်တွင် ဝန်ကြီးက ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် အချိန်မီ ကုသမှုခံယူရေးတို့၏ အရေးကြီးပုံကို အလေးအနက်ထား ပြောကြားခဲ့ပြီး ကုသမှုမခံယူဘဲ ထားရှိပါက ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် မျက်စိကွယ်ခြင်း စသည့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၃-၂၀၂၇) မှတစ်ဆင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၊ ကျေးလက်ကျန်းမာရေးဌာနများတွင် အပတ်စဉ် ရောဂါစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်း ဝန်ဆောင်မှုများ၊ မရှိမဖြစ် ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအစီအစဉ်များ ဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)








