ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်တွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံ အားကစားရေးရာဝန်ကြီးဌာနမှ အရာရှိများ၊ ဝူရှူး၊ လှေလှော်၊ ဘောလုံး နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များနှင့် အားကစားသမားများ စုစုပေါင်း (၄၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံအမတ်ကြီး Ms. Ma Jia က အမှာစကားပြောကြားရာ၌ မြန်မာအားကစားသမားများသည် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ကောင်းမွန်သော ရလဒ်ကောင်းများရရှိခဲ့ခြင်းအတွက် ဂုဏ်ပြုပါကြောင်း၊ လှူဒါန်းပံ့ပိုးခြင်း အစီအစဉ်သည် မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်၊ အားကစားသမားများ၏ အရည်အချင်းကိုမြှင့်တင်ရန်နှင့် အထွတ်အထိပ်သို့ အရောက်လှမ်းနိုင်ရန် ရည်ရွယ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ အားကစားဖလှယ်မှုများကို နက်ရှိုင်းစေရန်၊ တရုတ်-မြန်မာ လူငယ်များ၏ စိတ်နှလုံးချင်းနီးကပ်လာစေရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ စိတ်ချင်းဆက်နွယ်မှုကို အထောက်အကူပြုရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ပါသည်။

လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက မြန်မာ-တရုတ် အားကစားဖလှယ်မှု သမိုင်းကြောင်းကိုပြောကြားခဲ့ပြီး မြန်မာ့အားကစားကဏ္ဍအတွက် ရေရှည်ပံ့ပိုးပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ အားကစားကို ကြားခံအဖြစ် ထားရှိ၍ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်သယ်ပိုးထမ်းဆောင် သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအားကစားသမားများသည် အခမ်းအနား၌ ၎င်းတို့၏ကျွမ်းကျင်မှုပညာများကို ပြသခဲ့ကြရာ ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်တော်များ၏ တစ်ခဲနက် အားပေးထောက်ခံမှုများကိုရရှိခဲ့ကြသည်။ (Xinhua)