အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး ဖွင့်ပွဲ၌ ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး ဖွင့်ပွဲ၌ ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၏ သုံးနှစ်မြောက် နှစ်ပတ်လည်မတိုင်မီတွင် ဂါဇာဒေသ၌ ထာဝရအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၅ ရက်၌ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုများ၏ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များ ထပ်မံမဖြစ်ပွားစေရေးနှင့် ၎င်းနောက်ဆက်တွဲ ဂါဇာတွင် ဖြစ်ပွားနေသော ပဋိပက္ခများ ရပ်တန့်သွားစေရေးတို့ လိုအပ်ကြောင်း တတိယမြောက် နှစ်ပတ်လည်အထိမ်းအမှတ် သဝဏ်လွှာတွင် ဂူတာရက်စ်က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်က ဂါဇာဒေသမှတစ်ဆင့် အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး အခြားသူ ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အစ္စရေးဘက်ကလည်း ဂါဇာရှိ ဟားမက်စ်အဖွဲ့ကို စစ်ရေးအရ တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းပြည်သူ ၇၄,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။

"(တိုက်ခိုက်မှုတွေ) နောက်ဆက်တွဲ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်သည့် ပဋိပက္ခတွေက ဂါဇာရှိ ပါလက်စတိုင်းလူမျိုးတွေအပေါ် လူအများအပြား အသက်ဆုံးရှုံးရခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရခြင်းနှင့် ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် ပြောမပြနိုင်လောက်အောင် ဆိုးရွားတဲ့ဒုက္ခတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အရပ်သားပြည်သူတွေက သည်းခံနိုင်စွမ်းထက် ကျော်လွန်တဲ့ အခြေအနေတွေကို ဆက်လက်ရင်ဆိုင်နေကြရပါတယ်။ သူတို့ရဲ့ ဒုက္ခတွေကိုလည်း အခုချက်ချင်း အဆုံးသတ်ပေးဖို့ လိုနေပါပြီ" ဟု ကုလသမဂ္ဂအကြီးအကဲက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်က ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က သက်သာရာရစေမှု အချို့ကို ဖြစ်ပေါ်စေခဲ့သော်လည်း လုံခြုံရေး၊ လုံလောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ သို့မဟုတ် ပြန်လည်ထူထောင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်စိတ်ချရသော လမ်းကြောင်းကိုမူ မဖန်တီးပေးနိုင်သေးကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

"သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ မိမိတို့ရဲ့ ကတိကဝတ်တွေကို အပြည့်အဝ အကောင်အထည်ဖော်ကြဖို့နဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ နောက်တစ်ဆင့်ကို ရှေ့တိုးဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ ယခုအချိန်ဟာ အပစ်အခတ်ရပ်စဲရေးကို အမြဲတမ်းအတွက် ဖြစ်လာစေဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုပေးဖို့နဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ရာ အချိန်ကျရောက်ပါပြီ" ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

အဆိုပါဒေသတစ်ခုလုံး၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေမည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ထိုအရေးပါသော ကိစ္စရပ်များအပေါ် ကုလသမဂ္ဂ၏ ကတိကဝတ်မှာ ဆက်လက်၍ ခိုင်မာပြတ်သားလျက်ရှိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

"ဒီနှစ်ပတ်လည်နေ့ဟာ ဝမ်းနည်းကြေကွဲရတဲ့ နောက်ထပ်တစ်နှစ်တာကာလအဖြစ်သာမက ကွဲပြားခြားနားတဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် အားသစ်လောင်းထားတဲ့ သန္နိဋ္ဌာန်ကို ပြသတဲ့နေ့ရက်လည်း ဖြစ်ပါစေ။ အဲဒီအနာဂတ်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာနဲ့ မျှော်မှန်းချက်တွေ ပြည့်ဝလျက် ငြိမ်းချမ်းလုံခြုံစွာနဲ့ ဘေးချင်းကပ်ကာ အတူယှဉ်တွဲ နေထိုင်နိုင်ကြမှာဖြစ်ပါတယ်" ဟု ဂူတာရက်စ်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

UN chief calls for permanent Gaza ceasefire

UNITED NATIONS, Oct. 5 (Xinhua) -- UN Secretary-General Antonio Guterres on Monday called for a permanent ceasefire in Gaza ahead of the third anniversary of the Oct. 7, 2023 attacks.

The horrors of those attacks must never be repeated, and the ensuing hostilities in Gaza must end, Guterres said in a message marking the third anniversary.

On Oct. 7, 2023, Palestinian militant group Hamas attacked Israel from Gaza, killing about 1,200 people and taking 251 hostage. Israel responded with a war on Hamas in Gaza that killed at least 74,000 Palestinians.

"The devastating hostilities that followed (the attacks) have inflicted untold suffering on Palestinians in Gaza, including massive loss of life, displacement, and destruction. Civilians continue to endure intolerable conditions. Their suffering, too, demands an end, now," said the UN chief.

The ceasefire reached last year has brought some relief. But it has yet to deliver security, adequate humanitarian assistance or a credible path to recovery and peace, he noted.

"I urge all parties to implement their commitments in full and advance to the next phase of the ceasefire," said Guterres. "It is time for the ceasefire to become permanent. It is time to allow humanitarian assistance at scale. And it is time to respect international law."

He said that there is a need to build the political path to lasting peace across the whole region, adding that the United Nations remains unwavering in its commitment to these imperatives.

"Let this anniversary mark not only another year of mourning, but also a renewed determination to build a different future: one in which Israelis and Palestinians can live side by side in peace and security, with their rights, dignity, and aspirations fulfilled," said Guterres. ■

Photo caption: UN Secretary-General Antonio Guterres speaks at the opening of the 81th session of the UN General Assembly at the UN headquarters in New York, Sept. 8, 2026.  (Xinhua/Zhang Fengguo)