
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပြည်သူ ၁၈,၇၁၂ ဦး ရေဘေးဒဏ်ခံစားခဲ့ရကြောင်း ယနေ့ (စက်တင်ဘာ ၂၉ ရက်) မြန်မာ့အလင်းသတင်းစာ ဖော်ပြချက်အရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ လောင်းလုံမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် သရက်ချောင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့- ထားဝယ်၏ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို စက်တင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၅ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ အချို့နေရာများသို့ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် ခက်ခဲခဲ့ကြောင်း ၎င်းက ဆိုသည်။
“ရေလယ်ဗယ်ကတော့ ဒီမနက်ပိုင်းမှာ ကျလာပါပြီ။ ကျေးရွာတွေထဲမှာ ပိတ်မိနေသူတွေကို ကျွန်တော်တို့ ကယ်ဆယ်ရေးတွေလုပ်ဆောင်ပေးနေသလို ဆက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် မြေပြိုကျမှုကြောင့် တင်ကျန်နေတဲ့ နုန်းမြေတွေလည်း ရှင်းလင်းနေပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)







