မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ မုန်တိုင်းငယ်လမ်းကြောင်းပြမြေပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Department of Meteorology and Hydrology (Myanmar))
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ မုန်တိုင်းငယ်လမ်းကြောင်းပြမြေပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Department of Meteorology and Hydrology (Myanmar))

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)  

၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ မော်လမြိုင်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်၊ သုံးခွမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ ပဲခူးမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိကြောင်း သိရသည်။

ထိုမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ မုတ္တမကွေ့အနီးမှ  ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ပိုမိုအားကောင်းလာကာ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်‌ကျော်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)