
ကိုင်ရို၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်သည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၉ ရက် ည ၈ နာရီတွင် အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ပြီး ဇူလိုင် ၂၄ ရက်မှစတင်ခဲ့သည့် ခေတ္တအပစ်ရပ်မှုများကို အဆုံးသတ်စေခဲ့ကြောင်း၊ ယခုအကြိမ်လေကြောင်းတိုက်ခိုက်မှုသည် မနေ့တစ်နေ့က အရှေ့အလယ်ပိုင်းအခြေစိုက် အမေရိကန်တပ်ဖွဲ့များအား အီရန်တိုက်ခိုက်ရန် ကြိုးပမ်းမှုအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ အီရန်ကလည်း ကူဝိတ်၊ ဂျော်ဒန်နှင့် ဘာရိန်း နိုင်ငံအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်လိုက်ကြောင်း ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။ ထိုနေ့ညပိုင်းမှ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းအစောပိုင်းအထိ အမေရိကန်ဘက်က အီရန်ကို လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ပေ။
အမေရိကန်-အီရန် အပြန်အလှန်တိုက်ခိုက်မှု နောက်ဆုံးအခြေအနေ မည်သို့ ရှိသနည်း။ အီရန် အဘယ်ကြောင့် စတင်တိုက်ခိုက်ရသနည်း။ အမေရိကန်ဘက်က တိုက်လိုက်၊ ရပ်လိုက် ဖြစ်နေခြင်းက ၎င်း၏ ချီတုံချတုံဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်မချနိုင်မှုကို ဖော်ပြနေပါသလော။ 8
နောက်ဆုံး အပြန်အလှန်တိုက်ခိုက်သည့်အခြေအနေ မည်သို့ ရှိသနည်း
ဇူလိုင်လအတွင်းတွင် အမေရိကန်နှင့် အီရန်အကြား ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာရေးကြောင့် ပဋိပက္ခ တစ်ဖန်ဖြစ်ပွားခဲ့သည်။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၁၁ ရက် ညပိုင်းမှ ၂၃ ရက် ညပိုင်းအထိ အမေရိကန်စစ်တပ်က အီရန် နေရာအများအပြားကို ၁၃ ညဆက်တိုက် လေကြောင်းတိုက်ခိုက်ပြီး အီရန် “ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်ရေး” စွမ်းရည်ကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်ကမူ ကူဝိတ်၊ ဂျော်ဒန်၊ ဘာရိန်း စသည့် အရှေ့အလယ်ပိုင်းနိုင်ငံအများအပြားရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၄ ရက် ညပိုင်းမှစ၍ အမေရိကန်-အီရန် အပြန်အလှန်တိုက်ခိုက်မှုများ ခေတ္တရပ်နားပြီး ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် သတင်းစကားပါးခဲ့ကြသည်။
သို့သော် အပစ်ရပ်မှုသည် လေးရက်သာ ထိန်းထားနိုင်ပြီး အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့သည်။ တီဟီရန် စံတော်ချိန် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က ဒုံးကျည်ပစ်လွှတ်ပြီး ဂျော်ဒန်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းနှင့် ကွပ်ကဲရေးစင်တာတစ်ခုကို တိုက်ခိုက်ခဲ့သည်။ အမေရိကန် စစ်တပ်ကမူ ၎င်းအနေဖြင့် ယခုအကြိမ်တိုက်ခိုက်သည့် ဒုံးကျည်အားလုံးကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က အမေရိကန်အနေဖြင့် ယခုအကြိမ်တိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည်ဖြစ်ရာ အီရန်ကို “ပြင်းပြင်းထန်ထန်” တိုက်ခိုက်သွားမည်ဟု ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၉ ရက် ညပိုင်းတွင် အမေရိကန် စစ်တပ်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ ပစ်မှတ် ဒါဇင်နှင့်ချီကို တိုက်ခိုက်လိုက်ကြောင်း ပြောကြားခဲ့သည်။
အီရန်မီဒီယာ၏ ဇူလိုင် ၃၀ ရက် သတင်းများအရ အီရန်နိုင်ငံ တောင်ပိုင်း ဟော်မုဇ်ရေလက်ကြားကမ်းရိုးတန်းတစ်လျှောက်ရှိ ဟော်မုဇ်ဂန်ပြည်နယ် နေရာအများအပြားတွင် ယင်းနေ့ နံနက်ပိုင်းက အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရကြောင်း သိရသည်။ ထို့အပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်သည် ဇူလိုင် ၃၀ ရက်တွင် ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း၊ အီရန်စစ်တပ်ဘက်က ၎င်းတို့အနေဖြင့် ဒရုန်းသုံး၍ ဘာရိန်းနိုင်ငံအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်လိုက်ကြောင်း ယင်းနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
အီရန် အဘယ်ကြောင့် ကိုယ်တိုင် စတင်တိုက်ခိုက်ရသနည်း
ယခုအကြိမ် အမေရိကန်-အီရန် အပြန်အလှန်တိုက်ခိုက်မှုမှာ အီရန်ဘက်က စတင်ကာ ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခြင်း ဖြစ်သည်ကို နိုင်ငံတကာမီဒီယာများက သတိပြုမိကြသည်။ သုံးသပ်သူအချို့က ယင်းမှာ အီရန်သည် သံတမန်ရေးလမ်းကြောင်း အဆင်ပြေချောမွေ့အောင် ထိန်းထားသည့် တစ်ချိန်တည်းတွင်ပင် အမေရိကန်၏ အားနည်းချက်ကို အသုံးချကာ ပို၍တက်ကြွသည့် ခြိမ်းခြောက်ဟန့်တားမှုဖြစ်စေသည့်အနေအထားကို လုပ်ဆောင်ပြီး ဆွေးနွေးမှုအတွက် ပို၍ အသာစီးနိုင်သည့်အခြေအနေဖြစ်အောင် ကြိုးပမ်းခြင်း ဖြစ်သည်ဟု ယူဆကြသည်။
အစ္စရေး အမျိုးသားလုံခြုံရေး သုတေသနဌာန အဆင့်မြင့် သုတေသီ Danny Citrinowicz က အီရန်အတွက်ကြည့်မည်ဆိုလျှင် အမေရိကန်အနေဖြင့် လွန်ခဲ့သည့်ရက်ပိုင်းက အီရန်အပေါ်တိုက်ခိုက်မှုများ ခေတ္တရပ်နားခြင်းသည် အမေရိကန်ဘက်က “ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခြင်းမဟုတ်ဘဲ ပျော့ညံအားနည်းခြင်း” ကို ထင်ဟပ်ပြရာ အီရန်ကလည်း ထိုအကဲဖြတ်မှုအပေါ် အခြေခံပြီးမှသာလျှင် စစ်မီးပြန်လည်တောက်လောင်ရန်၊ အမေရိကန်ကို ပိုမိုကြီးမားသည့်ဆုံးရှုံးမှုဖြစ်စေရန် အတင့်ရဲလာခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။
အမေရိကန် လူထုသဘောထားကို ကြည့်မည်ဆိုလျှင် ထရမ့်အစိုးရသည် ဇူလိုင်လမှစ၍ ဖြစ်ပွားသည့် အမေရိကန်-အီရန် ပဋိပက္ခတွင် ဖိအားများ သိသိသာသာရှိလာသည်ဟု ယူဆကြသည်။
တစ်ဖက်တွင် အမေရိကန် စစ်တပ်သည် မကြာသေးမီက ပဋိပက္ခများအတွင်း လူသေဆုံးဒဏ်ရာရမှု ပြင်းထန်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၆ ရက် နောက်ဆုံးရကိန်းဂဏန်းများအရ ဇူလိုင်လတွင် အမေရိကန်စစ်တပ်က အီရန်အပေါ် စစ်ပွဲပြန်လည်ဆင်နွှဲသည့်အချိန်မှစ၍ အမေရိကန်စစ်သည် ၄ ဦး သေဆုံးပြီး ၂၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း အမေရိကန်စစ်တပ်၏ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်လက်ကျန်သည် အီရန်စစ်ပွဲတွင် အများအပြား ကုန်ဆုံးသွားပြီဟု အမေရိကန်မီဒီယာများက အဆက်မပြတ် သတင်းဖော်ပြကြသည်။ အမေရိကန် Think Tank တစ်ခုဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ (CSIS) ၏ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး အစီရင်ခံစာတွင် အမေရိကန်စစ်တပ် MIM-104 Patriot လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် လက်ကျန်သည် ၆၀ ရာခိုင်နှုန်းကျော် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်းနှင့် “THAAD” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ၄၀ ရာခိုင်နှုန်း ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အမေရိကန်-အီရန် အပြန်အလှန်တိုက်ခိုက်မှုကာလအတွင်း နိုင်ငံတကာရေနံဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့သည်။ အမေရိကန်ပြည်တွင်းတွင် မြင့်မားသည့်ရေနံဈေးကြောင့် ပြည်သူများ၏အမျက်ဒေါသဖြစ်စေခြင်းက ထရမ့်အစိုးရ၏ ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ “ခေါင်းခဲ” ရသည့် ကိစ္စကြီးတစ်ရပ် ဖြစ်သည်။
ဗြိတိန် တော်ဝင်တပ်မတော် သုတေသနဌာန (RUSI) အကြီးတန်းသုတေသီ Burcu Ozcelik က အမေရိကန်စစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်အရေအတွက်သည် “နည်းပါးသည့် အဆင့်” တွင် ရှိသော သတင်းအချက်အလက်သည် အီရန်က ဂျောဒန်အခြေစိုက် အမေရိကန်စစ်စခန်းကို စတင်တိုက်ခိုက်စေသည့် တွန်းအားအကြောင်းရင်းများအနက် တစ်ခု ဖြစ်နိုင်သည်ဟု ယူဆသည်။
ယီမင်နိုင်ငံရေးသုံးသပ်သူ Muqbil Naji က ဆင်ဟွာသတင်းဌာန သတင်းထောက်အား ပြောကြားရာတွင် အီရန်ဘက်၏ စဉ်းစားသုံးသပ်ချက်မှာ စစ်ရေးအရ အထိုက်အလျောက် ရင်ဆိုင်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် ဒေသတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားလာစေရန်၊ နိုင်ငံတကာ ရေနံဈေးနှုန်းများကို မြင့်တက်လာစေရန်နှင့် ထရမ့်အစိုးရ ပိုမိုကြီးမားသော ဖိအားများကို ခံစားရစေရန်ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများတွင် အီရန်က ပိုမိုအသာစီးရရှိသည့် အနေအထားတွင် ရှိနေစေရန် ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်ဘက်က ချီတုံချတုံ ဖြစ်နေပါသလော
အမေရိကန်-အီရန် အပြန်အလှန်တိုက်ခိုက်မှုများ တစ်ဖန် ပြန်လည်ဖြစ်ပွားနေခိုက်တွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးမှုများ “လုပ်ဆောင်နေဆဲ” ဖြစ်ပြီး အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားအရေးနှင့် အခြေအနေပြေလျော့ရေးကဏ္ဍများတွင် ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက် တွင် ပြောကြားခဲ့သည်။
အမည်မဖော်လိုသည့် အမေရိကန် အရာရှိတစ်ဦးက မကြာသေးမီရက်က မီဒီယာများကို ပြောကြားရာတွင် အမေရိကန် ဗဟိုစစ်ဌာနချုပ် တပ်မှူး Brad Cooper က ဟော်မုဇ်ရေလက်ကြားတစ်ဝိုက်တွင် အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းရန် အကြံပြုခဲ့ပြီး ယင်းကဲ့သို့သော လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ခြင်းသည် ထိရောက်မှု အကန့်အသတ်သာ ရှိသည်ဟု ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အချိန်ကာလတစ်ခုအတွင်း ထရမ့်သည် လမ်းစဉ်နှစ်ခုကြားတွင် ချီတုံချတုံ ဖြစ်နေခဲ့ကြောင်း၊ ယင်းမှာ တစ်ဖက်တွင် သံတမန်ရေးရာ ဆက်သွယ်ပြောဆိုမှုများကို ပြတ်တောင်းပြတ်တောင်း လုပ်ဆောင်နေပြီး အခြားတစ်ဖက်တွင်မူ အီရန်အပေါ် အတိုင်းအတာကြီးမားသော စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မကြာခဏ ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ အမည်မဖော်လိုသည့် အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက လက်ရှိတွင် ထရမ့်သည် တိုက်ခိုက်မှုများကို မြှင့်တင်ရန်အားသာနေသော်လည်း မည်မျှပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ရမည်ကို ဆက်လက် ချိန်ဆနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
The Wall Street Journal က ဇူလိုင် ၃၀ ရက်တွင် အခြေအနေ သိရှိရသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသော သတင်းများအရ Brad Cooper သည် အီရန်အပေါ် စစ်ဆင်ရေး ဆင်နွှဲမှု မြှင့်တင်ရေး အစီအစဉ်မူကြမ်းတစ်ရပ်ကို ရေးဆွဲထားကြောင်း၊ အဓိက အကြောင်းအရာမှာ အီရန်၏ ဒုံးကျည် တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ များစွာ အားနည်းသွားစေရန်နှင့် ထိပ်တိုက် မတင်မကျ ဖြစ်နေသည့် အကျပ်အတည်းကို ဖယ်ရှားရန်အတွက် ၁၀ ရက်မှ ၁၄ ရက်အထိ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ဖြစ်ကြောင်း သိရသည်။
သုံးသပ်သူများက အမေရိကန်နှင့် အီရန်တို့တွင် လက်ရှိ၌ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုကို မြှင့်တင်ရန် နည်းလမ်းများ ရှိကြသော်လည်း အခြေအနေ ထိန်းမနိုင်သိမ်းမရဖြစ်သွားပါက နှစ်ဖက်စလုံးအတွက် အရင်းအနှီး ကြီးမားလှပြီး မည်သည့်ဘက်ကိုမျှ အဆုံးအဖြတ်ပေးနိုင်သည့် အနိုင်ရရှိမှု ရှိမည်မဟုတ်ဟု ယူဆသည်။
အီရန်နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း Nicholas Hopton က ထရမ့်သည် သံတမန်ရေးနှင့် စစ်ရေး လမ်းကြောင်းနှစ်ခုကြားတွင် ချီတုံချတုံ ဖြစ်နေပုံရကြောင်း၊ သို့သော် 'အီရန်၏ အခြေအနေများကို နားလည်ပြီး ပင်လယ်ကွေ့ဒေသတွင် လုပ်ကိုင်ခဲ့ဖူးသော လေ့လာသူတိုင်းက စစ်ရေးနည်းလမ်းသည် အောင်မြင်ထိရောက်ရန် အလွန်ပင် ဖြစ်နိုင်ခြေမရှိဟု ပြောကြလိမ့်မည်' ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
热点问答|美伊互袭为何打打停停
新华社开罗7月31日电 热点问答|美伊互袭为何打打停停 新华社记者吴宝澍
美军中央司令部7月29日说,美军于美国东部时间29日20时开始对伊朗发动空袭,从而结束了美军自24日开始的短暂停火,此次空袭是对伊朗前一天企图袭击驻中东美军的回应。伊朗30日宣布打击了科威特、约旦和巴林境内的美军基地。当晚至31日凌晨,美方未对伊朗发动空袭。
美伊最新互袭情况如何?伊朗为何主动出击?美方打打停停是否说明其举棋不定?
最新互袭情况如何
本月以来,美国和伊朗因霍尔木兹海峡通航问题再起冲突。从美东时间7月11日晚至23日晚,美军连续13晚空袭伊朗多地,称目的是削弱伊朗“威胁霍尔木兹海峡航运”的能力。伊朗则以打击科威特、约旦、巴林等中东多国境内美军基地作为回应。从美东时间24日晚开始,美伊暂停互袭,并经由斡旋方传递信息。
而停火仅仅维持4天就被打破。德黑兰时间29日凌晨,伊朗伊斯兰革命卫队发射导弹,打击约旦一处美国空军基地和指挥中心。美军称其“成功拦截”此次袭击的所有导弹。
美国总统特朗普29日表示,美方将对此次袭击予以报复,要“狠狠打击”伊朗。美东时间29日晚,美军空袭伊朗,称打击了伊朗伊斯兰革命卫队数十个目标。
据伊朗媒体30日报道,伊朗南部霍尔木兹海峡沿岸的霍尔木兹甘省多地当天凌晨遭美军空袭。作为回应,伊朗伊斯兰革命卫队30日打击了约旦和科威特境内美军基地。伊朗军方当天晚些时候称其使用无人机打击了巴林境内美军基地。
伊朗为何主动出击
国际媒体注意到,美伊此次互袭始于伊方主动打击驻约旦美军基地。一些分析人士认为,这显示出伊朗在保持外交渠道畅通的同时,试图利用美方弱点,采取更主动的威慑姿态,为谈判争取更有利条件。
以色列国家安全研究所高级研究员丹尼·齐特里诺维茨认为,在伊朗看来,美国日前暂停打击伊朗反映出美方的“虚弱而非克制”,伊朗正是基于这一判断才可能敢于让战火重燃,给美方造成更大损失。
从美国舆论来看,特朗普政府在本月以来的美伊冲突中承压明显。
一方面,美军在近期冲突中人员伤亡严重。据美国国防部26日更新的数据,自7月美军重启伊朗战事以来,已有4名美军死亡、207人受伤。
另一方面,不断有美国媒体报道,美军的防空导弹库存已在伊朗战事中大幅消耗。美国智库战略与国际问题研究中心27日发布的最新报告显示,美军“爱国者”防空导弹库存已消耗超过60%,“萨德”防空导弹已消耗超过40%。
此外,美伊互袭期间,国际油价显著上涨。在美国国内,高油价引发的民怨是特朗普政府在今年中期选举前的一大“头疼事”。
英国皇家三军研究所高级研究员布尔久·厄兹切利克认为,关于美军防空导弹数量“处于低位”的信息,可能是伊朗主动打击驻约旦美军基地的驱动因素之一。
也门政治分析人士穆克比勒·纳吉对新华社记者说,伊方的考量可能是,通过适度军事对抗,加剧地区紧张、推高国际油价,令特朗普政府承受更大压力,让伊朗在谈判中处于更有利地位。
美方举棋不定?
美伊再次互袭之际,巴基斯坦外交部发言人30日说,美国和伊朗之间的谈判“仍在进行”,特别是在霍尔木兹海峡问题以及局势降级方面。
美方匿名官员日前告诉媒体,美军中央司令部司令布拉德·库珀建议暂停在霍尔木兹海峡周边对伊朗的轰炸行动,认为继续实施此类空袭效果有限。
报道说,一段时间以来,特朗普在两种路线之间摇摆不定:一边断断续续推进外交沟通,一边频频威胁要对伊朗发动大规模军事打击。美方一名匿名高官称,特朗普当前倾向于升级打击,但仍在权衡采取多大力度的军事行动。
据《华尔街日报》30日援引知情人士消息报道,库珀草拟了一份升级对伊作战方案,核心内容是实施10到14天的高强度轰炸,以大幅削弱伊朗的导弹打击能力,打破对峙僵局。
分析人士认为,美伊当前都有升级军事对抗的手段,但局势失控对双方均代价巨大,也并不会给任何一方带来决定性胜利。英国前驻伊朗大使尼古拉斯·霍普顿说,特朗普似乎仍在谈判和军事两条路线之间徘徊,而“所有了解伊朗情况且在海湾地区工作过的观察人士都会说,军事手段极不可能奏效”。(完)
1. 6月28日,在伊拉克首都巴格达,伊朗外交部长阿拉格齐在与伊拉克外交部长侯赛因(未在画面中)举行的联合新闻发布会上讲话。新华社发(哈利勒·达伍德摄)
2. 这是7月29日在美国新泽西州林登市拍摄的炼油厂。新华社记者张凤国摄








