မုံရွာ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဆုတောင်းပြည့် ဘုရားကြီးပွဲကို အောက်တိုဘာ ၂၆ ရက်မှ စတင်၍ ၁၅ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
“၂၀၂၆ ခုနှစ်မှသာ အရင်ကအတိုင်း ဘုရားကြီးနှစ်ဆူ ကူးတဲ့လမ်းနဲ့ ရွှေစည်းခုံဘုရားရှေ့၊ နာရီစင်ဝန်းကျင်တွေမှာ စျေးဆိုင်ခန်းတွေအများကြီး ဖွင့်လှစ်ရောင်းချသွားဖို့ စီစဥ်နေတာပါ" ဟု ပွဲတော်ကျင်းပရေးဦးစီးကော်မတီဝင်တစ်ဦးက ပြောသည်။
ထို့ပြင် ဘုရားပွဲတော်လာ ပြည်သူများအတွက် ပျော်ပွဲရွှင်ပွဲများ၊ ပိုက်ကျော်ခြင်း၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ ရွှေစည်းခုံဘုရား ဂေါပကတာဝန်ရှိသူများမှ ပွဲတော်ကာလအတွင်း စတုဒိသာ ကျွေးမွေးခြင်းအစီအစဉ်များလည်း ဆောင်ရွက်နေကြောင်း သိရသည်။
ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၈ ရက် နံနက်ပိုင်းတွင် ပင့်သံဃာအပါး ၁,၀၀၀ ကို ဆွမ်းသပိတ်များလောင်းလှူကြမည်ဖြစ်ပြီး ဘုရားပွဲကာလတစ်လျှောက် သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့မှာ နယ်ပရိသတ်၊ မြို့ပရိသတ်များဖြင့် အစည်ကားဆုံးရက်များဖြစ်သည်ဟု ဆိုသည်။ (Xinhua)








