ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအနေဖြင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိက ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအတွင်း ကျူးကျော်ဝင်ရောက်သော အမှုအား ဥပဒေနှင့်အညီ တင်းကျပ်စွာ အရေးယူနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ ဂျပန်နိုင်ငံအစိုးရက နိုင်ငံတကာဥပဒေ တာဝန်ဝတ္တရားများအား လက်တွေ့ထမ်းဆောင်နိုင်ခြင်းရှိ၊ မရှိအား စမ်းသပ်နေပြီး ဂျပန်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတကာပုံရိပ်အပေါ် သက်ရောက်မှုရှိနေကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အခြားသူများ သင်ခန်းစာယူနိုင်စေရန်အတွက် အမှုကျူးလွန်သူအား တင်းကျပ်စွာ အရေးယူရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အောက်တိုဘာ ၈ ရက်တွင် ထောက်ပြခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တိုကျိုဒေသန္တရတရားရုံးသည် အောက်တိုဘာ ၁ ရက်တွင် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအတွင်း ကျူးကျော်ဝင်ရောက်သည့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) အရာရှိဟောင်း Kodai Murata အား ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ Kodai Murata က သံရုံးသို့ ဓားကိုင်ဆောင်ကာ တရားမဝင် ဝင်ရောက်ခဲ့သည့် ပြစ်မှုကို ဝန်ခံခဲ့သော်လည်း အကျပ်ကိုင်ခြင်းဟူသည့် စွဲဆိုချက်ကိုမူ ငြင်းဆိုခဲ့ကြောင်း  သတင်းအရ သိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြု ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။

မော်နင်က ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) တွင် တာဝန်ထမ်းဆောင်နေသော အရာရှိသည် ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအတွင်း ကျူးကျော်ဝင်ရောက်ပြီး တရုတ်နိုင်ငံ သံတမန်ဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ယခင်ကမရှိခဲ့ဖူးသည့် ဆိုးရွားသော ဖြစ်စဉ်ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းကို ဆိုးရွားစွာ ချိုးဖောက်နေသလို တရုတ်ဘက် သံတမန်ဝန်ထမ်းများ၏ လူပုဂ္ဂိုလ်ဘေးကင်းမှုနှင့် သံတမန် အဆောက်အဦနေရာများ၌ ဘေးကင်းရေးကိုလည်း ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း၊ ဂျပန်နိုင်ငံ ပြည်တွင်း လက်ယာယိမ်းအင်အားစု ထင်သလိုလုပ်ဆောင်နေခြင်း၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ဝန်ထမ်းများ ထိန်းချုပ်မှု ကင်းမဲ့ခြင်း စသည့် နက်ရှိုင်းသောပြဿနာအစုံကို ပေါ်လွင်စေကြောင်း ဆိုခဲ့သည်။

“ဂျပန်နိုင်ငံအနေနဲ့ ဒီကိစ္စကိုဥပဒေနဲ့အညီ တင်းကျပ်စွာ အရေးယူနိုင်ခြင်း ရှိ၊ မရှိဟာ ဂျပန်နိုင်ငံအစိုးရက နိုင်ငံတကာဥပဒေအရ ၎င်းရဲ့တာဝန်တွေကိုလက်တွေ့ထမ်းဆောင်နိုင်ခြင်းရှိ၊ မရှိကို စမ်းသပ်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံတကာပုံရိပ်နဲ့ ဆက်စပ်နေပါတယ်။ ဂျပန်အနေနဲ့ ကျန်တဲ့သူတွေ သင်ခန်းစာယူနိုင်ဖို့ အမှုကျူးလွန်သူကို တင်းတင်းကျပ်ကျပ် အရေးယူဖို့ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းလိုက်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

中国外交部:再次敦促日方严惩持刀侵闯中国驻日使馆凶犯

新华社北京10月8日电(记者邵艺博、赵瀚泽)外交部发言人毛宁8日指出,日方能否依法严肃处理自卫队现役官员持刀侵闯中国驻日使馆案,考验日本政府能否切实履行国际法义务,关系到日本国家信誉和国际形象。中方再次敦促日方严惩凶犯、以儆效尤。  

当日例行记者会上,有记者问:据报道,10月1日,东京地方法院对非法侵闯中国使馆的原自卫队官员村田晃大进行首次公开庭审,村田对持刀非法入侵使馆罪行供认不讳,但否认胁迫罪指控。中方对此有何评论?  

毛宁表示,日本自卫队现役官员持刀侵闯中国驻日本使馆、向中方外交人员发出暴力威胁,是国际社会前所未闻的恶性事件,严重违反《维也纳外交关系公约》,严重威胁中方外交人员人身安全和外交馆舍安全,暴露出日本国内右翼势力猖獗、自卫队人员失管失教等诸多深层次问题。  

“日方能否依法严肃处理,考验日本政府能否切实履行国际法义务,关系到日本国家信誉和国际形象。中方再次敦促日方严惩凶犯、以儆效尤。”毛宁说。(完)