
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပွားမှုများကြောင့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းအထိ လူတစ်ဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၂၉ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယခုအချိန်အထိ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် ဒေသခံပြည်သူ စုစုပေါင်း ၂၄,၀၈၉ ဦး ရေဘေးသင့်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ယာယီရေဘေးရှောင်နေရာများတွင် ခိုလှုံနေကြရသည့် ဒေသခံပြည်သူများအတွက် ဆန်နှင့် စားသောက်ကုန်များ ထောက်ပံ့ပေးနိုင်ရန် ငွေကျပ် သန်း ၃၀ ကျော် ခွဲဝေချထားပေးခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း အခြေခံစားနပ်ရိက္ခာအတွက် ငွေကျပ် ၁၆ သန်းကျော် ထောက်ပံ့ပေးထားကြောင်း အဆိုပါဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၅ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောက်တစ်ရက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ဇဗ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ (ထားဝယ်) ၏ တာဝန်ရှိသူက စက်တင်ဘာ ၂၉ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံး၊ ထားဝယ်နှင့် သရက်ချောင်း စသည့် မြို့နယ်သုံးခုတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။
"ဒီမနက်တော့ ရေကျသွားပါပြီ။ ကျေးရွာတွေမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး မြေပြိုမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နုန်းတွေကိုလည်း ဖယ်ရှားပေးနေပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)








