နေပြည်တော်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၅ ရက်တွင် သတင်းအရ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိနေအိမ်တွင် အမျိုးသားနှစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား ၆.၂ သန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁၅.၅ ဘီလီယံ) နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများအား စစ်ကိုင်းမှ ကလေးသို့ သယ်ဆောင်ခိုင်းပြီး ရန်ကုန်မြို့မှ နေထိုင်သူ အမျိုးသား၃ဦး (ဖမ်းဆီးရန်ကျန်) က ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိထားသူများ၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)








