ရန်ကုန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ China Media Group (CMG) နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တို့ ပူးပေါင်းကျင်းပသည့် “ရသစုံလင်အပတ်စဉ် တူညီရှုစားဇာတ်လမ်းကောင်းများ” တရုတ်ရုပ်ရှင်ပြသခြင်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့သည်။
တရုတ်နိုင်ငံ၏ အာကာသစခန်း၌ ပထမဆုံးအကြိမ်အဖြစ် ၆ လကြာ လူနေထိုင်ခြင်း၊ တရုတ်အမျိုးသမီး အာကာသယာဉ်မှူးတစ်ဦးက ပထမဆုံးအကြိမ် အာကာသအတွင်း လမ်းလျှောက်ခြင်းတို့ ပါဝင်သည့် ရှန်ကျိုး-၁၃ မစ်ရှင်အကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားသည့် “ရှန်ကျိုး-၁၃” မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။
Yangon Ming De တရုတ်ဘာသာစကား သင်တန်းကျောင်းမှ ဆရာမဖြစ်သူ မခင်သန္တာဝင်းကလည်း ရုပ်ရှင်ပွဲတော်ကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများသည် ကလေးငယ်များအား ဖတ်စာအုပ်များကို ကျော်လွန်လေ့လာနိုင်မည့် အခွင့်အလမ်းများအား ဆောင်ကြဉ်းပေးသည်ဟု ဆိုသည်။
"အဓိကကတော့ ကလေးတွေကို ဒီတရုတ် culture တွေ သေချာ နားလည်အောင်၊ နောက်တစ်ခုက သူတို့ထဲမှာ စိတ်ဝင်စားတဲ့လူတွေရှိရင်လည်း ပိုလေ့လာလို့ရအောင်ပေါ့နော်။
ခုလို ဗီဒီယိုလေးတွေကြည့်ပြီးမှ တရုတ်စာ လေ့လာရင် စကားပြောတာတွေ အပြောအဆိုတွေ ပိုမြန်တာပေါ့ ၊ ခုလို ရုပ်ရှင်တွေကနေ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ အများကြီး လေ့လာရပါတယ်၊ ပြောရရင် တရုတ်က အများကြီးကိုမှ ရိုက်ထားနိုင်တယ်ပေါ့၊ သူတို့ရဲ့ ယဉ်ကျေးမှုအပိုင်းနဲ့ပတ်သက်တဲ့ ဟာတွေ ဗီဒီယိုအများကြီးမှာ တွေ့နိုင်တယ်။"
ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန်နားလည်မှု မြှင့်တင်အားပေးရေးအတွက် ရုပ်ရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို အသုံးချသည့်အနေဖြင့် ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသို့ အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဧည့်သည်တော် စုစုပေါင်း ၆၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ Journalism ဘာသာရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်သူ မဆုမြတ်နိုးက ၎င်းအနေဖြင့် "ရှန်ကျိုး-၁၃" မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုပြီးနောက် စိတ်ဓာတ်ခွန်အားသစ်များ ရရှိခဲ့သည်ဟု ဆိုသည်။
“ဒီနေ့ပွဲမှာဆိုရင် အာကာသဘက်ကို အဓိကပြသွားတာပေါ့၊ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။ ပြီးတော့ မြန်မာနိုင်ငံအတွက် ပိုပြီးတော့ motivation လိုမျိုးရတယ်ပေါ့၊ ကိုယ့် မြန်မာနိုင်ငံမှာလည်း ကိုယ့်အိပ်မက်ကို သေးသေးလေးကစပြီးတော့ အကောင်အထည်ဖော်ဝံ့တယ်ဆိုရင် အနာဂတ်မှာ ပြည့်ပြည့်စုံစုံ ဖြစ်လာနိုင်တယ်ဆိုတာမျိုးရပါတယ်ရှင့်။ မြန်မာနိုင်ငံကလူတွေဆို တရုတ်စာ ပိုပြီးတော့ လေ့လာကြတယ်။ ဒီတိုင်း စာလေ့လာတာမျိုး မဟုတ်ဘဲနဲ့ တရုတ်ယဉ်ကျေးမှုတွေ သိလာတဲ့အခါမှာ ကိုယ့်ဆီမှာလည်း ယဉ်ကျေးမှုတွေရှိတယ်။ အဲ့ဒီဟာ ယဉ်ကျေးမှုတွေကိုလည်း ကမ္ဘာကသိအောင် ဖော်ပြသင့်တယ်ဆိုတာမျိုးပေါ့နော်။
တက်ရောက်လာကြသော ဧည့်သည်တော်များသည် ဖွင့်ပွဲရုပ်ရှင်ဇာတ်ကား ဖြစ်သည့် “အာကာသအနာဂတ်(Shen Zhou-13)” ကို အတူတကွ ကြည့်ရှုခဲ့ကြပြီး တရုတ်-မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဓာတ်ပုံပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ (Xinhua)








