နေပြည်တော်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ ၃၂,၀၀၀ ကျော်ထိ ရှိလာကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဩဂုတ်လ ၄ ရက် ညနေပိုင်းအထိ ကောက်ယူရရှိသော အချက်အလက်များအရ ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာ ၁၀၆ ရွာ၊ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈ စု၊ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရေစီးကျော်ဝင်မှုအား တားဆီးနိုင်ရန်အတွက် ပန်းတာ၏ လက်ယာဘက်နှင့် လက်ဝဲဘက်များတွင် ရေတိုက်စားမှုမှ ကာကွယ်ရန် တုတ်တန်းရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့နိုင်ရန် ရေထုစီးနှုန်းနှင့် ရေအနက်တိုင်းတာစောင့်ကြည့်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်း ရေဘေးသင့်နေရာရှိ ကယ်ဆယ်ရေးအဖွဲ့များတွက် ယနေ့အထိ စုစုပေါင်း ဓာတ်ဆီ ၁,၀၈၈ ဂါလန်နှင့် ဒီဇယ်ဆီ ၄၀၂.၅ ဂါလန်တို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်မှု မဖြစ်စေရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  B2B Satellite Terminal တပ်ဆင်ထားသော ရွေ့လျားမိုဘိုင်းကားအပါအဝင် ယူနစ် ၄ စုံဖြင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)