
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၅ ရက် ညနေပိုင်းက လေပြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းများကြောင့် အဆောက်အအုံ ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၆ ရက်၌ ပြောသည်။
လေပြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းများမှာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ မွန်ပြည်နယ် ပေါင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းဌာနက ဆိုသည်။
တိုက်ကြီးမြို့နယ်တွင် ဇူလိုင် ၅ ရက် ဒေသစံတော်ချိန် ည ၈:၃၀ နာရီခန့်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် အိမ်ခြေ ၃၀ ခန့် ပျက်စီးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။
ထို့အတူ ပေါင်မြို့နယ်တွင်လည်း ယင်းနေ့ ဒေသစံတော်ချိန် ည ၇:၃၀ နာရီ၌ လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး ယင်းနောက်တွင် လေပြင်းများလည်း တိုက်ခတ်ခဲ့ရာ အိမ်ခြေ၊ ဘာသာရေးအဆောက်အအုံ၊ အစိုးရရုံးများနှင့် စာသင်ကျောင်းများ အပါအဝင် အဆောက်အအုံ ၉၃ လုံး ပျက်စီးခဲ့သည်ဟု ၎င်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
ထို့ပြင် ပြည်တွင်းမီဒီယာများဖော်ပြချက်အရ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ ဇူလိုင် ၅ ရက် ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ အဆောက်အအုံ ၆၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
လမ်းများပေါ်ရှိ ကျိုးကျနေသော သစ်ပင်များနှင့် အပျက်အစီးများ ရှင်းလင်းရေးကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များက အတူတကွလုပ်ဆောင်ခဲ့ကြကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပြောသည်။ (Xinhua)
……………………………………..
(English Version)
Strong winds, tornadoes damage more than 100 buildings in S. Myanmar
YANGON, July 6 (Xinhua) -- More than 100 buildings were damaged by strong winds and tornadoes in southern Myanmar on Sunday evening, officials from the Myanmar Fire Services Department told Xinhua on Monday.
Strong winds and tornadoes hit Taikkyi township in Yangon region and Paung township in Mon state, the department said.
A tornado struck Taikkyi township at around 8:30 p.m. local time on Sunday, destroying about 30 houses, according to the department.
In Paung township, a tornado struck at around 7:30 p.m. local time, while strong winds later swept through the area, damaging 93 buildings, including houses, religious buildings, government buildings and schools, an official from the township's fire services department said.
Local media also reported that a tornado in Nattalin township, Bago region, on Sunday evening damaged about 60 buildings.
Local fire services personnel, relevant organizations and rescue teams worked together to clear fallen trees and debris from roads, the Myanmar Fire Services Department said.
Photo: This photo taken with mobile phone on April 21, 2023 shows properties damaged by a tornado in Lewe township of Nay Pyi Taw Union Territory, Myanmar. (Str/Xinhua)








