
နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၆၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၉ ရက် မွန်းလွဲ ၃ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ၂၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် ၆၂ ဒသမ ၀၇၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅၁ တန်၊ စိတ်ကြွဆေးပြား ၆ ဒသမ ၁၅ သန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော စိတ်ပြောင်းဆေးဝါးများကို ပျဉ်းမနားမြို့နယ်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူအား ဖမ်းဆီးရန်ကျန်ရှိနေဆဲဖြစ်ပြီး လက်ရှိဖမ်းဆီးမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)








