မက်ဒရစ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)
ဘောလုံးအကျော်အမော် လီယွန်နယ် မက်ဆီမှာ ဂုဏ်သိက္ခာကြီးမားသော ဆုတစ်ဆုဖြစ်သည့် ၂၀၂၆ ခုနှစ်အတွက် အားကစားဆိုင်ရာ Princess of Asturias (ပရင့်ဆက်စ်အော့ဖ် အက်စ်တူးရီးယက်စ်) ဆုကို ဇွန် ၃ ရက်က ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။
မက်ဆီအနေဖြင့် အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ခံရပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါဂုဏ်ပြုဆုကို ရရှိခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် ကစားသမားဘဝတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြောက်ကြိမ်မြောက် ပါဝင်ကစားမည်ဖြစ်သည်။
အသက် ၃၈ နှစ်အရွယ် ကစားသမား၏ ထူးချွန်ပြောင်မြောက်သော ပင်ကိုစွမ်းရည်နှင့် ဂုဏ်ယူဖွယ် အားကစားသမားဘဝတို့အပြင် အချို့တဲ့ဆုံး ကလေးငယ်များအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရေးအတွက် မြှင့်တင်ပေးသည့် ယနေ့ထက်တိုင် လုပ်ဆောင်လျက်ရှိသော အထင်ကြီးလေးစားဖွယ် ပရဟိတ လုပ်ဆောင်မှုများကို အဆိုပါဆုဖြင့် အသိအမှတ်ပြုခြင်းဖြစ်သည်။
အဆိုပါဆုကို ၁၉၈၇ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ နာမည်ကြီးတင်းနစ်မယ် ဆရီနာ ဝီလီယမ်စ်က ယင်းဆုကို အားကစားလောကမှ နောက်ဆုံးရရှိခဲ့ပြီးနောက် ယခုနှစ်တွင် မက်ဆီက ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အတူ ကာရိုလီနာ မာရင်၊ ဆီဘက်ရှန် ကိုး၊ နယူးဇီလန် ရပ်ဘီအသင်းနှင့် စပိန်ဘောလုံးအသင်းတို့မှာလည်း အဆိုပါဆုကို ဆွတ်ခူးခဲ့ဖူးကြောင်း သိရသည်။
"မက်ဆီဟာ ဘောလုံးကွင်းထဲက အတုယူထိုက်တဲ့ အပြုအမူတွေကြောင့်တင်မကဘဲ ဇွဲသတ္တိရှိမှု၊ နှိမ့်ချမှု၊ ဘောလုံးအားကစားအပေါ်မှာ စိတ်နှစ်မြှုပ်ပေးဆပ်မှုတွေကြောင့်လည်း အားလုံးရဲ့ ချစ်ခင်လေးစားမှုနဲ့ နှစ်သက်သဘောကျမှုကို ရရှိခဲ့တာပါ" ဟု ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)








