
ဘာလင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ပီအက်စ်ဂျီအသင်းက မန်ချက်စတာစီးတီးအသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် လက်ရှိချန်ပီယံ ပီအက်စ်ဂျီက ၃ ဂိုးသွင်းယူကာ ပွဲကို အပြတ်အသတ်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် မန်စီးတီးအတွက် အာလင် ဟာလန်းက ၂ ဂိုး ပြန်လည်သွင်းယူခဲ့သည်။
ပွဲချိန် ၁၃ မိနစ်တွင် ဖေဘီယန်ရုဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် တန်ပြန်တိုက်စစ်မှ ရရှိလာသော အခွင့်အရေးကို ဒီဆရဲ ဒူယေက အနိမ့်ဘောကန်သွင်းကာ ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သည်။
နှစ်မိနစ်အကြာတွင် ပီအက်စ်ဂျီအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ အူစမန် ဒမ်ဘီလီ ညာတောင်ပံမှ တောက်လျှောက်ထိုးဖောက်လာပြီး ဒူယေနှင့်ပြန်တွဲကစားခဲ့ရာ ဒူယေ ဂိုးရှေ့သို့ပြန်ချပေးမှုကို ဒမ်ဘီလီက အဝေးတိုင်ဘက်သို့ ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။
ဧည့်သည် ပီအက်စ်ဂျီအသင်းက ဗီတင်ညာနှင့် အာချရက်ဖ် ဟာကီမီတို့ကို အားပြု၍ မန်စီးတီးဂိုးပေါက်ကို ဆက်တိုက်ခြိမ်းခြောက်နိုင်ခဲ့ပြီး ဟာကီမီ၏ ကန်ချက်မှာ ဂိုးတိုင်နှင့်ထိခဲ့သော်လည်း ပွဲချိန် ၃၂ မိနစ်တွင် ပီအက်စ်ဂျီအသင်း တတိယဂိုး ထပ်မံရရှိသွားခဲ့သည်။ မက်ဂ်နက်စ် အက်ကလီယူးရှ်၏ ပေးပို့မှုကို ဝါရင် ဇိုင်ယာ-အမ်မရီက ခြေဖနောင့်ဖြင့် ပြန်ချပေးခဲ့ရာ ဗီတင်ညာက အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
ပထမပိုင်းအပြီးတွင် မန်စီးတီးနည်းပြ အန်ဇို မာရက်စကာက လူစားလဲမှု ၃ ခု ပြုလုပ်ခဲ့ရာ ဒုတိယပိုင်းတွင် အသင်း၏တိုက်စစ်မှာ ပြန်လည်သက်ဝင်လာခဲ့သည်။ ပွဲချိန် ၅၃ မိနစ်တွင် အီလီမန် အင်ဒီရာယီ ဖြတ်တင်ပေးသည့် ဘောလုံးကို ဟာလန်းက ခေါင်းတိုက် သွင်းယူခဲ့သော်လည်း ၁၀ မိနစ်အကြာတွင် အက်ကလီယူးရှ်၏ ကန်ချက်ကို မန်စီးတီးဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာ ကာကွယ်ရာတွင် လက်ကြားမှထွက်ကာ ဂိုးဝင်သွားခဲ့သဖြင့် ပီအက်စ်ဂျီက ၃ ဂိုးအသာဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
ပွဲချိန် ၇၅ မိနစ်တွင် အေယုဘ် ဘူအာဒီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဟာလန်းက ယခုပွဲစဉ်၌ ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သော်လည်း ပွဲပြီးခါနီးတွင် ဟာလန်း ဟက်ထရစ်ရရှိနိုင်မည့် အခွင့်အရေးကို ပီအက်စ်ဂျီဂိုးသမား မက်ဗေး ဆာဖိုနော့ဗ် လက်စွမ်းပြ ကာကွယ်သွားခဲ့သည်။
ဟာလန်းမှာ အသက် ၂၆ နှစ်နှင့် ၈၅ ရက်အရွယ်တွင် ချန်ပီယံလိဂ်သွင်းဂိုး ၆၀ ပြည့်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းက နှစ်ပွဲကစားပြီးချိန်တွင် ရမှတ်ခြောက်မှတ်ဖြင့် အဆင့်-၁ နေရာတွင် ရပ်တည်နေကာ မန်စီးတီးအသင်းကမူ ၈ ပွဲဆက် အနိုင်ရရှိမှု ရပ်တန့်သွားခဲ့ပြီး ရမှတ်သုံးမှတ်ဖြင့် အဆင့်-၁၇ ၌ ရပ်တည်နေသည်။
အောက်တိုဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်တစ်ပွဲတွင် ရီးရဲလ်မက်ဒရစ်က ရိုးမားကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၄-၃ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၉၀ တွင် အန်တိုနီယို ရူဒီဂါ၏ သွင်းဂိုးဖြင့် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ မာတင် ဒီရွန်းက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ကီလီယန် အမ်ဘာပေက ပြန်လည်ချေပခဲ့သော်လည်း ဒုတိယပိုင်းတွင် ဒွန်ရယ် မာလင်က နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့သဖြင့် ရိုးမားအသင်းက ပွဲကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ပွဲချိန် ၈၂ မိနစ်တွင် ကားလို့စ် အက်စ်ပီက ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သလို သုံးမိနစ်အကြာတွင် အန်းဒရစ်ခ်က ချေပဂိုးထပ်မံသွင်းယူခဲ့ကာ ထို့နောက် ရူဒီဂါက အနိုင်ဂိုးသွင်းယူ၍ ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယမြောက်နိုင်ပွဲကို ရယူပေးခဲ့သည်။
အခြားပွဲစဉ်များတွင် လီဗာပူးအသင်းက LASK အသင်းကို ၆-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အက်စတွန်ဗီလာက ဖီနာဘာချီကို ၆-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ထို့အတူ စတုဂတ်က ဆလိုဗန် ဘရာတစ်ဆလာဗာကို ၃-၀ ဂိုးဖြင့်လည်းကောင်း၊ ရီးရဲလ်ဘက်တစ်က ပေါ်တိုကို ၃-၂ ဂိုးဖြင့်လည်းကောင်း၊ ရှက်တာဒိုးနက်စ်က အေအီးကေ အေသင်ကို ၃-၁ ဂိုးဖြင့်လည်းကောင်း၊ ဖီယင်နုက ကိုမိုကို ၃-၂ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ဒေါ့မွန်ကမူ ဘိုဒို/ဂလင့်ကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ (Xinhua)





..................................
(English Version)
PSG beats Man City as Real Madrid stages comeback in Champions League
BERLIN, Oct. 14 (Xinhua) -- Paris Saint-Germain beat Manchester City 4-2 in the UEFA Champions League on Wednesday.
Three first-half goals gave the defending champion a commanding lead, while Erling Haaland scored twice for Manchester City after the break.
Desire Doue opened the scoring in the 13th minute, finishing a counterattack with a low shot after being played through by Fabian Ruiz.
PSG struck again two minutes later. Ousmane Dembele broke down the right and found Doue, whose pass across goal allowed Dembele to finish at the far post.
The visitors threatened through Vitinha and Achraf Hakimi, with the latter hitting the post, before extending their lead in the 32nd minute. Maghnes Akliouche found Warren Zaire-Emery, whose backheel set up Vitinha for the third.
City coach Enzo Maresca made three changes at halftime and his side responded after the break. Haaland headed in Iliman Ndiaye's cross in the 53rd minute, but PSG restored its three-goal cushion when Akliouche's shot slipped past goalkeeper Gianluigi Donnarumma 10 minutes later.
Haaland scored his second in the 75th minute from Ayyoub Bouaddi's pass, but goalkeeper Matvei Safonov denied him a hat-trick late on.
At 26 years and 85 days, Haaland became the youngest player to reach 60 Champions League goals. PSG leads the standings with six points from two matches, while City, whose eight-match winning streak came to an end, sits 17th with three points.
Also on Wednesday, Real Madrid came from 3-1 down to beat Roma 4-3, with Antonio Rudiger's 90th-minute goal completing the comeback. Marten de Roon opened the scoring before Kylian Mbappe equalized, but Donyell Malen struck twice after halftime to put Roma in control. Carlos Espi pulled one back in the 82nd minute and Endrick leveled three minutes later before Rudiger sealed Madrid's second win.
In other matches, Liverpool won 6-3 at LASK, Aston Villa thrashed Fenerbahce 6-0, Stuttgart beat Slovan Bratislava 3-0, Real Betis edged Porto 3-2, Shakhtar Donetsk beat AEK Athens 3-1, Feyenoord overcame Como 3-2, and Borussia Dortmund lost 1-0 at Bodo/Glimt.
Photo caption 1: Real Madrid's Kylian Mbappe (R) shoots to score during the UEFA Champions League football match between Roma and Real Madrid in Rome, Italy, Oct. 14, 2026. (Photo by Alberto Lingria/Xinhua)
Photo caption 2: Real Madrid's Vinicius Jr (R) vies with Roma's Wesley Vinicius Franca Lima during the UEFA Champions League football match between Roma and Real Madrid in Rome, Italy, Oct. 14, 2026. (Photo by Alberto Lingria/Xinhua)








