တီဟီရန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Hugo Shorter ကို အောက်တိုဘာ ၁ ရက်က ဆင့်ခေါ်ခဲ့ပြီး ဗြိတိန်လေတပ် Fairford စခန်းအား တိုက်ခိုက်ရန် ကြံစည်မှုတွင် အီရန် ပါဝင်ပတ်သက်နေသည်ဟု ဗြိတိန်နိုင်ငံက မကြာသေးမီက စွပ်စွဲခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း အီရန်မီဒီယာများ၏ အောက်တိုဘာ ၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။

The Tehran Times သတင်းစာ၏ ဖော်ပြချက်အရ ဗြိတိန်အစိုးရအနေဖြင့် အီရန်အပေါ် "ဖျက်ဆီးလိုသည့် လုပ်ရပ်များ" ကို ဆက်လက်လုပ်ဆောင်နေခြင်းအပေါ် အီရန်နိုင်ငံက ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး သက်ဆိုင်ရာ စွပ်စွဲချက်များသည် "အခြေအမြစ် လုံးဝမရှိကြောင်း" ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဗြိတိန်အစိုးရအနေဖြင့် တရားဝင် ရှင်းလင်းချက်ပေးရန်နှင့် မသင့်လျော်သော ရပ်တည်ချက်ကို ပြင်ဆင်ရန် လိုအပ်ကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Majid Takht-Ravanchi က ဗြိတိန်သံအမတ်အား ပြောကြားခဲ့ကြောင်း အီရန် Press TV ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဗြိတိန်နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့သည် စက်တင်ဘာ ၂၇ ရက်က Fairford လေတပ်စခန်းအနီးတွင် "အကြမ်းဖက်တိုက်ခိုက်မှု" ကို ကြံစည်သည်ဟု သံသယရှိသူ အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါစခန်းကို ယခုနှစ် မတ်လမှစတင်၍ အမေရိကန်စစ်တပ်က အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရန် အသုံးပြုလျက်ရှိသည်။

ဗြိတိန်ဝန်ကြီးချုပ် အင်ဒီ ဘာနမ်က Fairford လေတပ်စခန်းကို ပစ်မှတ်ထားသည့် သံသယဖြစ်ဖွယ် လုပ်ရပ်များတွင် အီရန် ပါဝင်ပတ်သက်နေသည်ဟု ဖော်ပြသည့် "ခိုင်မာသော အထောက်အထားများ" ရှိကြောင်း  စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ အီရန်ဘက်က ဘာနမ်၏ ပြောဆိုချက်ကို ပယ်ချခဲ့ပြီး ယင်းဖြစ်ရပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

伊朗召见英国大使 抗议英方“无根据”指控

新华社德黑兰10月1日电 据伊朗媒体10月1日报道,伊朗外交部当天召见英国驻伊朗大使雨果·肖特,对英国近期指认伊朗涉嫌图谋袭击英国空军费尔福德基地表示强烈抗议。

据《德黑兰时报》报道,伊朗强烈抗议英国政府持续对伊朗采取“破坏性做法”,称相关指控“毫无根据”。另据伊朗新闻电视台消息,伊朗副外长拉万奇告诉英国大使,英国政府必须就此事作出正式解释,纠正不当立场。

英国反恐警察处9月27日在费尔福德基地附近逮捕5名涉嫌策划“恐怖袭击”的男子。该基地自今年3月起被美军用于对伊朗实施空袭。英国首相伯纳姆9月30日称,有“强烈迹象”表明,伊朗涉嫌参与针对费尔福德基地的可疑活动。伊朗方面驳斥伯纳姆的说法,否认与该事件有关。