ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CECCM) ၏ အဖွဲ့သစ်တာဝန် ထမ်းဆောင်ခြင်းအခမ်းအနားနှင့် တရုတ်-မြန်မာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေး အခမ်းအနားကို စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်လွင်တို့က တက်ရောက်အမှာစကား ပြောကြားခဲ့ကြသည်။ ထို့အပြင် တရုတ်သံရုံးမှ သံမှူး Ouyang Daobing၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်လုပ်ငန်းရှင်များ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီး Ms. Ma Jia က CECCM အသင်းသည် တရုတ်- မြန်မာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်သွယ်ပေးသည့် အရေးကြီးသောတံတားဖြစ်ပြီး သက်တမ်းသစ် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မိမိတို့၏ အဖွဲ့အစည်း တည်ဆောက်မှုကို စဉ်ဆက်မပြတ် အားဖြည့်၍ ဝန်ဆောင်မှုပေးနိုင်စွမ်းကို မြှင့်တင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီး ဦးသန့်စင်လွင်က CECCM အသင်း အဖွဲ့သစ် တာဝန်ထမ်းဆောင်ခြင်းအား ဂုဏ်ပြုပါကြောင်းနှင့် CECCM သည် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဖလှယ်မှု တိုးမြှင့်ရေးတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် လိုအပ်သော ပံ့ပိုးမှုနှင့်ညှိနှိုင်းကူညီမှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများစီမံခန့်ခွဲရေးဦးစီးဌာနနှင့် Industrial and Commercial Bank of China (ICBC) တို့မှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ တရုတ်ယွမ် ငွေကြေးဆိုင်ရာမူဝါဒများနှင့် ပတ်သက်၍ ဆွေးနွေးမျှဝေခဲ့ကြသည်။
CECCM အသင်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှု စင်တာတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)








