
ဝါရှင်တန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီရိုဒရီဂက်ဇ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေပြီး လာမည့်သီတင်းပတ်အစောပိုင်းတွင်တွေ့ဆုံဖွယ်ရှိကြောင်း အမေရိကန်အွန်လိုင်းသတင်းဌာန Axios က စက်တင်ဘာ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံရန်ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိထားသူများ၏ ပြောကြားချက်ကို ကိုးကား၍ Axios က သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထရမ့်က ရိုဒရီဂက်ဇ်နှင့် စက်တင်ဘာ ၂၂ ရက် အစောပိုင်းတွင် တွေ့ဆုံရန်ဆန္ဒရှိနေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။
"အီရန်အရေးကိစ္စက ခက်ခဲပေမဲ့ ဗင်နီဇွဲလားကိစ္စကတော့ သမ္မတရဲ့ အကြီးမားဆုံး အောင်မြင်မှုတစ်ခုဖြစ်တယ်ဆိုတာကို သံသယဖြစ်စရာမလိုပါဘူး။ ဒယ်လ်ဆီကလည်း အဲဒီအောင်မြင်မှုအတွက် အဓိကကျသူတစ်ဦး ဖြစ်ပါတယ်။ တကယ်လို့ တစ်ခုခုအကြီးအကျယ် အဆင်မပြေတာမျိုး မရှိဘူးဆိုရင် သမ္မတက တွေ့ဆုံချင်နေပါတယ်" ဟု ထရမ့်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။
"တွေ့ဆုံဖို့အတွက် ဘာကိုမှအပြီးသတ် ဆုံးဖြတ်ထားရခြင်းမရှိသေးပါဘူး။ သမ္မတရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်" ဟု အစိုးရအဖွဲ့မှ အခြားအဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အဆိုပါသတင်း၌ ဖော်ပြထားသည်။
အဆိုပါတွေ့ဆုံမှုကို နယူးယောက်မြို့တွင်ပြုလုပ်ဖွယ်ရှိနေပြီး တွေ့ဆုံမည့်နေရာကလည်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေသည့် ဖက်ဒရယ်အချုပ်ထောင်နှင့် လမ်းအနည်းငယ်သာကွာဝေးသည့်နေရာတွင် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း အဆိုပါသတင်း၌ ဖော်ပြထားသည်။
အမေရိကန်စစ်တပ်များသည် ဇန်နဝါရီလ ၃ ရက်က ဗင်နီဇွဲလားနိုင်ငံကို ကြီးမားသောစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး မာဒူရိုနှင့် ၎င်း၏ဇနီးကို အတင်းအဓမ္မဖမ်းဆီးကာ နယူးယောက်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ (Xinhua)
.......................
(English version)
Trump to meet with Venezuela's acting president: report
WASHINGTON, Sept. 17 (Xinhua) U.S. President Donald Trump is making plans for a first-ever meeting with Venezuela's acting President Delcy Rodriguez as early as next week, U.S. online news outlet Axios reported Thursday, citing sources familiar with the discussions.
Trump wants to make time for a meeting with Rodriguez as early as Tuesday, the sources told the news outlet.
"Iran is tough, but Venezuela is without a doubt the president's top success, and Delcy is a key to that," a Trump adviser was quoted as saying. "Unless something goes really wrong, the president wants to make time."
"Nothing is finalized. This is up to the president," the report quoted another senior administration official as saying.
The meeting, expected to be held in New York, could happen just blocks from the federal lockup where Venezuelan President Nicolas Maduro awaits trial, according to the report.
On Jan. 3, U.S. military forces launched a large-scale strike against Venezuela and forcibly seized Maduro and his wife before transporting them to New York. ■
Photo caption: Venezuela's acting president Delcy Rodriguez attends a press conference in Caracas, Venezuela, Jan. 14, 2026. (Xinhua/Ding Hongfa)








