အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Bekasi မြို့ရှိ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး 5G စမတ်ဂိုဒေါင်တွင် ကုန်စည်များ သယ်ဆောင်နေသည့် ကွန်ပျူတာဖြင့် ထိန်းချုပ်ထားသော မောင်သူမဲ့ကုန်စည်ပို့ဆောင်ရေးယာဉ်များ (AGVs) ကို ၂၀၂၄ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Bekasi မြို့ရှိ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး 5G စမတ်ဂိုဒေါင်တွင် ကုန်စည်များ သယ်ဆောင်နေသည့် ကွန်ပျူတာဖြင့် ထိန်းချုပ်ထားသော မောင်သူမဲ့ကုန်စည်ပို့ဆောင်ရေးယာဉ်များ (AGVs) ကို ၂၀၂၄ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး၊ အစိုးရလုပ်ငန်းစဉ်များတွင် ဒစ်ဂျစ်တယ်စနစ်အသုံးပြုမှု အရှိန်မြှင့်တင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်ရေးတို့ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုရန် အမေရိကန်ဒေါ်လာ သန်း ၆၅၀ ပမာဏရှိ ငွေကြေးထောက်ပံ့မှုကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေဖြင့် အတည်ပြုလိုက်ကြောင်း ၎င်းဘဏ်က စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။

"နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပိုမိုခိုင်မာအားကောင်းလာခြင်းက လူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်စေပါတယ်" ဟု ADB ၏ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဌာနေအကြီးအကဲ Bobur Alimov က ပြောကြားခဲ့သည်။

အဆိုပါ ငွေကြေးထောက်ပံ့မှုသည် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွင် ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရများအကြား ညိနှိုင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရန် ရည်ရွယ်သည့် ဒေသန္တရအုပ်ချုပ်ရေး တိုးတက်ကောင်းမွန်စေရေးအတွက် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းလုပ်ငန်းစဉ် အရှိန်မြှင့်တင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထိုငွေကြေးထောက်ပံ့မှုအစီအစဉ်တွင် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ပေါင်းစည်းခြင်းနှင့် အစီရင်ခံခြင်းတို့အတွက် နိုင်ငံအဆင့် ဒစ်ဂျစ်တယ်ပလက်ဖောင်း တည်ဆောက်ခြင်းအပြင် ဒေသန္တရအစိုးရများ၏ ဝင်ငွေများ တိုးတက်ခိုင်မာစေရန်အတွက် ပိုမိုမျှတသော ပိုင်ဆိုင်မှုအခွန် သတ်မှတ်တွက်ချက်မှုစနစ်များကို အကောင်အထည်ဖော်ခြင်းတို့ ပါဝင်သည်။

ထို့ပြင် အဆိုပါအစီအစဉ်သည် ဒေသန္တရအစိုးရများ၏ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့်အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွန့်စားရနိုင်ခြေများအား ထည့်သွင်းစဉ်းစားထားသည့် ဘတ်ဂျက်ရေးဆွဲခြင်းလုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုမည်ဟု ADB က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..............................

(English Version)

ADB approves 650 mln USD program to support Indonesia's fiscal, digital reforms

JAKARTA, Sept. 17 (Xinhua) -- The Asian Development Bank (ADB) has approved 650 million U.S. dollars in financing to support Indonesia's efforts to improve fiscal management, accelerate government digitalization and enhance the quality of public services, the bank said Wednesday.

"The country's strengthened fiscal and digital architecture enables better services for society," said ADB Country Director for Indonesia Bobur Alimov.

The financing is part of the Accelerating Decentralization for Improved Local Governance program, which aims to strengthen coordination between the central and local governments in managing public finances.

The program includes the development of a national digital platform to integrate and report fiscal data, as well as the implementation of more equitable property tax assessments to strengthen local government revenues.

ADB said the program would also help strengthen the fiscal and administrative capacity of local governments and support budgeting that takes into account the protection of women and girls as well as disaster risks. ■

Photo caption: Autonomous guided vehicles (AGVs) carry goods at Indonesia's first 5G smart warehouse in Bekasi, West Java, Indonesia, March 7, 2024. (Photo by Agung Kuncahya B./Xinhua)