ဟော်မုဇ်ရေလက်ကြားဖွင့်လှစ်ရေးမှာ နားလည်မှုစာချွန်လွှာအရ အမေရိကန်၏ ကတိကဝတ်များအပေါ် မူတည်နေဟု အီရန် လွှတ်တော်ဥက္ကဋ္ဌ ပြော

အမေရိကန်နှင့် အီရန်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) အရ ကတိကဝတ်များကို အမေရိကန်ဘက်က ဖြည့်ဆည်းခြင်းမရှိပါက ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်မည်မဟုတ်ကြောင်း အီရန်ပါလီမန်ဥက္ကဋ္ဌ Mohammad Baqer Qalibaf က ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာန IRNA က ဩဂုတ် ၁၈ ရက်၌ သတင်းဖော်ပြခဲ့သည်။

အီရန်အပေါ် ရေတပ်ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ ပိတ်သိမ်းထားသော အီရန်၏ ပိုင်ဆိုင်မှုများ ထုတ်ပေးရေး၊ ရေနံပိတ်ဆို့မှုများ ရုပ်သိမ်း‌‌ရေးနှင့် ကဏ္ဍအားလုံးတွင် ခြိမ်းခြောက်မှုများနှင့် စစ်ရေးဆောင်ရွက်မှုများ ရပ်တန့်ရေး စသဖြင့် ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာ MoU ပါ စည်းကမ်းချက်အချို့ကို Qalibaf က ဥပဒေပြုလွှတ်တော် အစည်းအဝေး၌ စာရင်းပြုစုခဲ့သည်။

အမေရိကန်နိုင်ငံသည် MoU အရ ၎င်းတို့ကတိပြုထားသော သတ်မှတ်ချက်များအားလုံးကို အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ထိုသို့မလုပ်ဆောင်ပါက ရေလက်ကြားကို ဖွင့်လှစ်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်နှင့် မည်သည့် ဆွေးနွေးမှုများ၊ စကားပြောဆိုမှုများ လုပ်ဆောင်နေခြင်း သို့မဟုတ် စီစဉ်ထားခြင်းမရှိဟု ထရမ့် ဆို

အီရန်နှင့် ဆွေးနွေးမှုများ သို့မဟုတ် စကားပြောဆိုမှုများ လုပ်ဆောင်ခြင်း သို့မဟုတ် စီစဉ်ထားခြင်းမရှိကြောင်း၊ ဟော်မုဇ်ရေလက်ကြားကိုလည်း ဖွင့်ထားလျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

"လက်ရှိမှာ အီရန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ သို့မဟုတ် စကားပြောဆိုမှုများ လုပ်ဆောင်နေတာ ဒါမှမဟုတ် စီစဉ်ထားတာမျိုးမရှိပါဘူး။ ရေတပ်ပိတ်ဆို့မှုကလည်း အပြည့်အဝ အာဏာတည်ဆဲဖြစ်ပါတယ်။ ဟော်မုဇ်ရေလက်ကြားကလည်း ဖွင့်ထားပြီးသလို လုပ်ငန်းလည်ပတ်လျက်ရှိပါတယ်" ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။

ရေမြှုပ်မိုင်းအားလုံးကို ဖယ်ရှား သို့မဟုတ် ဖောက်ခွဲဖျက်ဆီးပြီးဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။

ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို တွေ့ရှိပြီးနောက် ယူအေအီးက အီရန်နှင့် ကုန်သွယ်မှု ရပ်ဆိုင်း

ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ထပ်အကြောင်းကြားချက်မရမချင်း အီရန်နိုင်ငံနှင့် ကုန်သွယ်မှု၊ စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ အရောင်းအဝယ်အားလုံးကို ဆိုင်းငံ့ထားကြောင်း ဩဂုတ် ၁၉ ရက် အစောပိုင်းတွင် ပြောကြားခဲ့ပြီး ယင်းမတိုင်မီ နာရီအနည်းငယ်အလိုက အီရန်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဘာလက်စတစ်ဒုံးကျည် ၂ စင်းကို ဆော်ဒီနိုင်ငံက တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသော ဒေသတွင်းတင်းမာမှုများကြောင့် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဟာဗျူဟာဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး အာဖရာ အယ်လ်ဟာမီလီက လူမှုမီဒီယာပလက်ဖောင်း X တွင် ဖော်ပြထားသော ကြေညာချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရေးအတွက် မရှိမဖြစ်လိုအပ်သော နည်းလမ်းများအဖြစ် တွေ့ဆုံဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်း တစ်သားတည်းပေါင်းစည်းရေးတို့ကို ယူအေအီးက အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) တွင် အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဟု WHO သတိပေး

ကွန်ဂိုနိုင်ငံ (DRC) ၌ အီဘိုလာရောဂါဖြစ်ပွားမှုမှာ ထိန်းချုပ်နိုင်ခြင်းမှ ဝေးကွာနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဩဂုတ် ၁၈ ရက်တွင် သတိပေးခဲ့ပြီး နိုင်ငံအတွင်း အတည်ပြုလူနာ ၅,၀၀၀ ကျော်နှင့် သေဆုံးသူ ၂,၃၇၈ ဦး ရှိကြောင်း အစီရင်ခံတင်ပြခဲ့သည်။

DRC တွင် ဩဂုတ် ၁၆ ရက်အထိ ပြည်နယ် ၆ ခုရှိ ကျန်းမာရေးဇုန် ၅၅ ခုတွင် အတည်ပြုလူနာ ၅,၀၂၁ ဦးရှိပြီး လူသေဆုံးမှုနှုန်း ၄၇.၄ ရာခိုင်နှုန်းရှိကြောင်း WHO အာဖရိကဌာနေရုံးက ဩဂုတ် ၁၈ ရက်၌ ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာအရ သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုမှာ "ထိန်းချုပ်နိုင်ခြင်းမှ ဝေးကွာနေသေး" ကာ တုံ့ပြန်ဆောင်ရွက်မှုများထက် ကျော်လွန်နေကြောင်း ပြောကြားခဲ့ပြီး နိုင်ငံအတွင်းနှင့် နိုင်ငံတကာတွင် ထပ်မံပျံ့နှံ့နိုင်ခြေမြင့်မားဆဲဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သတိပေးခဲ့သည်။

ဂျပန်နိုင်ငံ အရှေ့ပိုင်းတွင် စံချိန်တင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် သေဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာ

တိုကျိုမြို့အရှေ့ဘက်ရှိ ချီဘာစီရင်စုတွင် လွန်ခဲ့သည့် သီတင်းပတ်က စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေမှာ ၁၃ ဦးအထိ မြင့်တက်လာပြီး လူတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း စီရင်စုအစိုးရက ဩဂုတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။

စီရင်စုတစ်ဝန်းရှိ အိမ်ခြေ ၂,၃၀၀ ကျော်မှာ ကြမ်းပြင်အထက်နှင့် အောက်ပိုင်း ရေကြီးရေလျှံမှုများ အပါအဝင် ပျက်စီးမှုများကို ခံစားခဲ့ရသည်။ ထို့အပြင် မော်တော်ယာဉ်အစီးရေ ၂,၇၀၀ ခန့်မှာ ရေအောက် နစ်မြုပ်သွားပြီးနောက် လမ်းများပေါ်၌ စွန့်ပစ်ထားရဆဲဖြစ်သလို ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်ကြောကျပ်တည်းမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

လွန်ခဲ့သည့်သီတင်းပတ် ဩဂုတ် ၁၃ ရက်မှ ၁၄ ရက်အထိ ချီဘာစီရင်စုတွင် စံချိန်တင်မိုးရွာသွန်းခဲ့ရာ ဂျပန်မိုးလေဝသအေဂျင်စီက ယင်းစီရင်စု၏ နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုအတွက် အမြင့်ဆုံး သတိပေးချက်အဆင့်ဖြစ်သော အရေးပေါ်သတိပေးချက် အဆင့် ၅ ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ ၇၀ ဦးအထိ မြင့်တက်လာ

အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် ပြင်းအားအဆင့် ၇.၇ ရှိသော ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၇၀ ဦးအထိ မြင့်တက်လာပြီး အခြားသူ ၁၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဩဂုတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။

ငလျင်ကြောင့် လူ ၄၀ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ၉၂ ဦးမှာမူ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ လုပ်ငန်းလည်ပတ်ရေးဒါရိုက်တာ Bramantyo က ပြောကြားခဲ့သည်။

ထို့ပြင် ပျောက်ဆုံးသူများ ထပ်မံသတင်းမရရှိတော့ခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ ဦးဆောင်မှုဖြင့် ငလျင်ဒဏ်သင့်ဧရိယာအား ရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီခြင်းသို့ ပြောင်းလဲခဲ့ကြသည်။  (Xinhua)

………..

(English Version)

Daily World Briefing, Aug. 19

Hormuz Strait's opening hinges on U.S. fulfillment of commitments under MoU: Iran's parliament speaker

Iranian Parliament Speaker Mohammad Baqer Qalibaf said Tuesday the Strait of Hormuz will not be opened unless the United States fulfills its commitments under the U.S.-Iran memorandum of understanding (MoU), the official news agency IRNA reported.

Qalibaf, during a session of the legislative body, listed some of the conditions under the MoU for the waterway's reopening as lifting the anti-Iran naval blockade, releasing Iranian frozen assets, removing oil sanctions, and stopping threats and military operations on all fronts.

The United States must implement all the provisions it has committed to under the MoU, otherwise the strait will not be opened, he said.

No talks or conversations going on, or scheduled, with Iran -- Trump

U.S. President Donald Trump on Tuesday said there were no conversations taking place or scheduled with Iran, noting that the Hormuz Strait is open.

"There are no talks or conversations going on, or scheduled, with the Islamic Republic of Iran. The Naval Blockade remains in full force and effect. The Hormuz Strait is open and operating," Trump said in a post on Truth Social.

All water mines have been removed or detonated, said Trump.

UAE says halts trade with Iran after detecting 2 ballistic missiles

The United Arab Emirates (UAE) has suspended all trade, commercial exchanges and financial transactions with Iran until further notice, the UAE Ministry of Foreign Affairs said early Wednesday, a few hours after the country said it detected two ballistic missiles launched from Iran.

In a statement posted on social media platform X, Afra Al Hameli, the director of the foreign ministry's strategic communications department, said the decision came in light of regional escalations that undermine regional and international peace and security.

The statement reiterated the UAE's commitment to dialogue, cooperation and regional integration as essential means of advancing peace, stability and prosperity in the region.

Ebola outbreak in DR Congo far from under control: WHO

The World Health Organization (WHO) warned Tuesday that the Ebola outbreak in the Democratic Republic of the Congo (DRC) remains far from under control, with the country having reported more than 5,000 confirmed cases and 2,378 deaths.

As of Aug. 16, the DRC had reported 5,021 confirmed cases across 55 health zones in six provinces, with a case fatality rate of 47.4 percent, according to the latest report released by the WHO Regional Office for Africa on Tuesday.

WHO Director-General Tedros Adhanom Ghebreyesus said that the outbreak was "far from being under control" and had gained a considerable lead over response efforts, warning of a high risk of further spread within the country and internationally.

Death toll rises to 13 after record rain batters eastern Japan

The death toll from record-breaking torrential rain that struck Chiba Prefecture, east of Tokyo, last week has risen to 13, while one person remains missing, the prefectural government said Tuesday.

More than 2,300 homes across the prefecture have suffered damage, including flooding above and below floor level. Meanwhile, some 2,700 vehicles remain abandoned on roads after becoming submerged, obstructing traffic and causing congestion.

Record rainfall pounded Chiba Prefecture from Thursday to Friday last week, prompting the Japan Meteorological Agency to issue a Level 5 Emergency Warning for heavy rain and landslides in parts of the prefecture, its highest alert level.

Death toll from Indonesia's 7.7-magnitude earthquake rises to 70

The death toll from a 7.7-magnitude earthquake that struck Indonesia's East Nusa Tenggara province has risen to 70, with 132 others injured, authorities said Tuesday.

Bramantyo, operations director of Indonesia's National Search and Rescue Agency, said 40 of the injured were seriously hurt and 92 sustained minor injuries.

With no further reports of missing people, search and rescue teams have shifted their focus to area sweeping and support for recovery operations led by the National Disaster Management Agency.