
ဂျေရုဆလမ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် လာမည့်ရက်အနည်းငယ်အတွင်း အီရန်အပေါ် တိုက်ခိုက်မှုမြှင့်တင်သွားရန် စီစဉ်ထားပြီး ယင်းအနက် ယခုနှစ်အတွင်း အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်သည့်အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် အကြီးစား ဗုံးကြဲလေယာဉ်များ အသုံးပြုခြင်းတို့ ပါဝင်သည်ဟု အစ္စရေးအား အသိပေးထားပြီးဖြစ်ကြောင်း The Times of Israel ၏ ဇူလိုင် ၂၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အကြီးစား ဗုံးကြဲလေယာဉ်ကို အီရန်၏ Pickaxe Mountain မြေအောက် နျူကလီးယား အဆောက်အဦအား တိုက်ခိုက်ရန် အသုံးပြုမည်ဟု ခန့်မှန်းရကြောင်း၊ အမေရိကန် သမ္မတ ထရမ့်က လွန်ခဲ့သည့် သီတင်းပတ်အတွင်း၌ အဆိုပါဒေသကို “များမကြာမီ” တိုက်ခိုက်သွားနိုင်ခြေရှိသည်ဟု အကြိမ်များစွာ ခြိမ်းခြောက်ခဲ့ဖူးကြောင်း သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နှင့် အစ္စရေးတို့က နီးကပ်စွာညှိနှိုင်းဆောင်ရွက်နေခြင်းသည် အစ္စရေးက အသင့်ပြင်ထားနိုင်ရန်နှင့် အမေရိကန်က တိုက်ခိုက်မှုအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကြောင့် အစ္စရေးအား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခြင်း အပါအဝင် အီရန်ဘက်က အဆင့်မြှင့်တင်လာသည့် တန်ပြန်လှုပ်ရှားမှုများကို ကိုင်တွယ်စီမံရန် ရည်ရွယ်ကြောင်းလည်း သတင်းအရ သိရသည်။
အမေရိကန်ဘက်၏ အသိပေးချက် လက်ခံရရှိပြီးနောက် အစ္စရေးသည် အမြင့်ဆုံး တပ်လှန့်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
Pickaxe Mountain သည် အီရန်နိုင်ငံ အလယ်ပိုင်း Isfahan ပြည်နယ် Natanz နျူကလီးယားအဆောက်အဦ အနီးတစ်ဝိုက်တွင် တည်ရှိပြီး အီရန်နိုင်ငံ၏ အခိုင်ခံ့ဆုံး မြေအောက်နျူကလီးယားအဆောက်အဦများအနက် တစ်ခုဖြစ်သည်ဟု ယူဆခံရသည်။
အမေရိကန် The Wall Street Journal သည် ဇူလိုင် ၂၁ ရက်တွင် အစ္စရေးနှင့် အမေရိကန် အစိုးရအရာရှိများ၏ သတင်းကို ကိုးကား၍ အီရန်သည် ၂၀၂၅ ခုနှစ် ဆောင်းဦးရာသီတွင် ယူရေနီယံ သန့်စင်မှုအတွက် အသုံးပြုသည့် centrifuges စက်ပေါင်း အလုံးရေထောင်နှင့်ချီကို Pickaxe Mountain ရှိ မြေအောက်လိုဏ်ခေါင်းအတွင်း ရွှေ့ပြောင်းထားပြီးဖြစ်သည်ဟု အစ္စရေး သတင်းထောက်လှမ်းရေးဌာနက ယူဆကြောင်း၊ အစ္စရေးဘက်က အထက်ပါသတင်းအား အမေရိကန်ကို သတင်းပေးပို့ပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အစ္စမေး ဘဂါအီက Pickaxe Mountain တွင် နျူကလီးယား လှုပ်ရှားမှု မရှိကြောင်း၊ “အမေရိကန်က Pickaxe Mountain အပေါ် အလွန်အမင်းအာရုံစိုက်နေမှုဟာ ၎င်းရဲ့ ကျူးကျော်မှု၊ ဖျက်ဆီးမှုနဲ့ တမင်သက်သက် ဖျက်ဆီးမှုအတွက် အကြောင်းပြချက်ဖန်တီးနေတာပဲ ဖြစ်ပါတယ်” ဟု ဇူလိုင် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
以媒:美国通知以色列将加大对伊打击 或轰炸镐山
新华社耶路撒冷7月22日电 据《以色列时报》22日报道,美国已经通知以色列,其计划在未来数日加大对伊朗的打击力度,包括自今年美国和以色列对伊朗采取军事行动以来首次使用重型轰炸机。
报道称,重型轰炸机预计将用于打击伊朗镐山地下核设施。美国总统特朗普过去一周曾多次威胁称,“可能很快”打击该地区。据报道,美以保持密切协调旨在让以色列做好准备,应对伊朗可能因美国加大打击力度而升级的反击行动,包括向以色列发射导弹。
报道称,在收到美方通报后,以色列已进入最高警戒状态。
镐山位于伊朗中部伊斯法罕省纳坦兹核设施附近,被认为是伊朗最坚固的地下核设施之一。美国《华尔街日报》21日援引以色列和美国官员的消息报道说,以色列情报部门认为,伊朗已于2025年秋天将数千台铀浓缩离心机转移至位于镐山的地下隧道内。以方已将上述情报通报美国。
伊朗外交部发言人巴加埃22日表示,镐山并无核活动,“美国对镐山的执迷关注不过是为其侵略、摧毁和蓄意破坏编造借口”。(完)
图说:这是3月28日凌晨拍摄的伊朗德黑兰市区爆炸后的浓烟。新华社记者 沙达提 摄







