
မက်ဒရစ်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဒုတိယမြောက် ကမ္ဘာ့ဖလား ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် မက်ဒရစ်မြို့လယ်၌ အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံခဲ့သည့် စပိန်ဘောလုံးအသင်းအား ပရိသတ် နှစ်သန်းနီးပါးက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကာ ထို့နောက် မက်ဒရစ်မြို့၏ အထင်ကရဖြစ်သော Plaza de Cibeles ရင်ပြင်၌ ပျော်ပျော်ပါးပါး စုဝေးခဲ့ကြသည်။
နယူးဂျာစီပြည်နယ်တွင် ဇူလိုင် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ စပိန်အသင်းက အချိန်ပိုတွင် ဖယ်ရန် တောရက်စ်၏ သွင်းဂိုးဖြင့် အာဂျင်တီးနားအသင်းကို အနိုင်ရရှိခဲ့ကာ ထိုပွဲစဉ်၌ စပိန်က ပြိုင်ဘက်အား ခြေစွမ်းပိုင်းအရ စိုးမိုးထားနိုင်ခဲ့သည်။
စပိန်အသင်းမှာ ဇူလိုင် ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်၌ မက်ဒရစ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကာ နယူးယောက် နယူးဂျာစီ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ဗိုလ်လုပွဲကို တက်ရောက်အားပေးခဲ့သည့် စပိန်ဘုရင် ဖိလစ်-၆၊ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်တို့က ကြီးမှူးကျင်းပသော တရားဝင် ဂုဏ်ပြုပွဲအခမ်းအနားများနှင့်အတူ အောင်ပွဲခံမှုများကို စတင်ခဲ့သည်။ စပိန်ဘုရင်က အသင်း၏ စုစည်းညီညွတ်မှုကို ချီးကျူးခဲ့သည်။
ထို့နောက် စပိန်အသင်းကစားသမားများသည် ဝန်ကြီးချုပ်အိမ်တော်ဖြစ်သည့် မွန်ကလိုအာနန်းတော်၌ အမိုးဖွင့်ဘတ်စ်ကားတစ်စီးပေါ်သို့တက်ကာ မက်ဒရစ်မြို့လယ်သို့ ထွက်ခွာသွားခဲ့ရာ ပရိသတ် ၁.၈ သန်းခန့်က လမ်းဘေးတစ်လျှောက်တွင် စီတန်းကြိုဆိုခဲ့ကြသည်။
အဆိုပါဘတ်စ်ကားမှာ ဒေသစံတော်ချိန် ည ၁၀ နာရီတွင် Plaza de Cibeles ရင်ပြင်သို့ ရောက်ရှိခဲ့ရာ စပိန်နာမည်ကြီး ပေါ့ပ်အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နောက်ထပ် ပရိသတ် ၁၂၀,၀၀၀ ကလည်း နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြသည်။
အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်နေသည့်တိုင် ကစားသမားများက ကမ္ဘာ့ဖလားဆုဖလားကို တစ်လှည့်စီ ကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ကြပြီး ပရိသတ်များနှင့်အတူ သီချင်းများသီဆိုခြင်း၊ သံပြိုင်ကြွေးကြော်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ အောင်ပွဲခံမှုမှာ ညသန်းခေါင်နီးပါးအထိ ကြာမြင့်ခဲ့ကာ ထူးထူးခြားခြားအနေဖြင့် နောက်ခံလူ မာ့ခ် ကူကူရယ်လာက ဒရမ်တီးခတ်ပြခဲ့သည်။
သို့သော် အဆိုပါ အောင်ပွဲခံမှုများကို ဇူလိုင် ၁၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်က လွှမ်းမိုးသွားခဲ့သည်။ စီယူဒက် ရိုဒရီဂိုမြို့၌ လူအများအောင်ပွဲခံနေစဉ် ရေပန်းအစိတ်အပိုင်းတစ်ခုနှင့် ထိခိုက်မိသဖြင့် အသက် ၁၃ နှစ်အရွယ် ပရိသတ်တစ်ဦး သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူသုံးဦးကို ဖမ်းဆီးထားသလို ဘာစီလိုနာမြို့၌ အောင်ပွဲခံမှုများမှာလည်း အဓိကရုဏ်းအသွင် ရောက်ရှိခဲ့ပြီးနောက် အခြားသူ ၃၀ ဦးခန့်မှာ ဆေးကုသမှုများ ခံယူနေရကြောင်း သိရသည်။ (Xinhua)


........................................................................
(English Version)
Nearly 2 million celebrate Spain's World Cup triumph in Madrid
MADRID, July 21 (Xinhua) -- Spain's national football team was welcomed by nearly 2 million fans Monday as it celebrated winning a second World Cup with an open-top bus parade through central Madrid before a jubilant gathering at the city's landmark Plaza de Cibeles.
Spain beat Argentina 1-0 after extra time in Sunday's World Cup final in New Jersey, with Ferran Torres scoring the winner to cap a dominant performance.
The team arrived back in Madrid at around 1 p.m. local time and began the celebrations with official receptions hosted by King Felipe VI and Prime Minister Pedro Sanchez, both of whom had attended the final at New York New Jersey Stadium. The king praised the unity of the team.
The players then boarded an open-top bus at the Moncloa Palace, the prime minister's official residence, and traveled through the heart of Madrid, where an estimated 1.8 million fans lined the streets.
The bus reached Plaza de Cibeles at 10 p.m., where another 120,000 supporters had been waiting for hours after being entertained by performances from several Spanish pop stars.
The players took turns lifting the World Cup trophy and joined supporters in chants and songs despite temperatures exceeding 35 degrees Celsius. The celebration lasted until nearly midnight and notably featured defender Marc Cucurella playing the drums.
The celebrations were overshadowed by tragedy Sunday night. A 13-year-old fan died in the town of Ciudad Rodrigo after being struck by part of a fountain where people were celebrating. Police also arrested three people, while about 30 others required medical treatment after festivities in Barcelona turned violent.
English Caption 1
Spain players attend a celebration gathering after winning the 2026 FIFA World Cup in Madrid, Spain, on July 20, 2026. (Xinhua/Cheng Min)
English Caption 2
Fans gather in Madrid during the celebrations. (Photo by Gustavo Valiente/Xinhua)
English Caption 3
Team Spain celebrate during the awarding ceremony after the final match between Spain and Argentina at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, July 19, 2026. (Xinhua/Jia Haocheng)







