ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကော်ဖီလုပ်ငန်းကို အရည်အသွေးမြှင့်တင်ခြင်း၊ ကျွမ်းကျင်မှုတိုးတက်ကောင်းမွန်စေခြင်းနဲ့ နိုင်ငံတကာဈေးကွက်တွေကို ပိုမိုထိုးဖောက်ဝင်ရောက်နိုင်ခြင်းတို့ကတစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာစေရန် မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association – MCA) က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

MCA ဥက္ကဋ္ဌ ဦးမျိုးအေးက အသင်းအနေဖြင့် ကော်ဖီအရည်အသွေး မြှင့်တင်ရေး၊ တောင်သူများ၊ ဘာရစ်စတာများနှင့် အဆိုပါ လုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများအကြား နည်းပညာဖလှယ်မှုများ အားပေးမြှင့်တင်ရေးနှင့် လူငယ်ပညာရှင်များအား နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် ကျွမ်းကျင်မှုများ ရရှိလာစေရန် ပံ့ပိုးကူညီရေးတို့ကို ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရည်မှန်းချက်များကို အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် Myanmar Coffee Festival and Myanmar National Barista Championship 2026တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် ကော်ဖီထုတ်လုပ်သူများနှင့် ဘာရစ်စတာများက ပြည်တွင်းထုတ်ကုန်များကို ပြသခဲ့ကြပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများကိုလည်း သရုပ်ပြခဲ့ကြသည်။

MCA အသင်း၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် နှစ်စဉ် ကော်ဖီတန်ချိန် ၃,၀၀၀ မှ ၄,၀၀၀ အထိ နိုင်ငံပေါင်း ၁၆ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် အဓိကဝယ်ယူသည့် နိုင်ငံများအနက် ပါဝင်သည်။

မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကထား ဆောင်ရွက်လျက်ရှိသည်။ တောင်ပေါ်ဒေသများတွင် (Arabica) ကော်ဖီမျိုးကို စိုက်ပျိုးကြပြီး မြေနိမ့်ဒေသများတွင် (Robusta) ကော်ဖီမျိုးကို စိုက်ပျိုးကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများနှင့် သင့်လျော်သော စိုက်ပျိုးရေးအခြေအနေများကြောင့် အရည်အသွေးမြင့် Arabica ကော်ဖီများ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများ ရှိနေကြောင်း သိရသည်။ ယင်းအချက်သည် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များအတွက် အထူးအရည်အသွေးမြင့် ကော်ဖီထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အလားအလာကောင်းများ ပေးစွမ်းလျက်ရှိကြောင်း သိရသည်။ (Xinhua)