
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာ ၅ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး အခြားသူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာနှင့် ကုန်းကျေးရွာအနီး၊ မုံရွာ-မန္တလေးကားလမ်းတွင် ဒေသစံတော်ချိန် နံနက် ၁၀:၄၀ နာရီက ယာဉ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သေဆုံးသူများအနက် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ရှစ်ဦး ပါဝင်ကာ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ်တစ်စီးနှင့် လူနာတင်ကားများလည်း သွားရောက်၍ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူရန် စစ်ကိုင်းခုတင် ၃၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)










