
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) သည် စက်တင်ဘာလတွင် ၅၀.၁ ရှိခဲ့ပြီး ဩဂုတ်လထက် ၀.၃ ရာခိုင်နှုန်းအမှတ် မြင့်တက်လာကာ တိုးချဲ့မှုရှိသော အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း စက်တင်ဘာ ၃၀ ရက်၌ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ဖော်ပြထားသည်။
ညွှန်းကိန်း ၅၀ အထက်တွင် ရှိခြင်းမှာ တိုးတက်မှုကို ညွှန်ပြပြီး ၅၀ အောက်၌ ရှိခြင်းကမူ ကျဆင်းမှုကို ညွှန်ပြသည်။
စက်တင်ဘာလတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ စီးပွားရေးအခြေအနေ ပိုမိုကောင်းမွန်လာခဲ့ပြီး PMI သည် နှစ်လဆက်တိုက် မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ စာရင်းအင်းပညာရှင်ချုပ် ဟော့လိဟွေ့က ပြောကြားခဲ့သည်။
စစ်တမ်းကောက်ယူခဲ့သော စက်မှုလုပ်ငန်း ၂၁ ခုအနက် ၁၂ ခုတွင် PMI တန်ဖိုးသည် တိုးချဲ့မှုအခြေအနေ သတ်မှတ်ချက်ထက် ကျော်လွန်ခဲ့ပြီး ယင်းအရေအတွက်မှာ ယခင်လကထက် ၄ ခု ပိုမိုများပြားကြောင်း ဟော့က မှတ်ချက်ပြုပြောကြားခဲ့သည်။
စက်တင်ဘာလတွင် အဆိုပါကဏ္ဍ၌ ကုန်ထုတ်လုပ်မှုပမာဏနှင့် ဈေးကွက်ဝယ်လိုအား နှစ်ရပ်စလုံး တိုးချဲ့မှုရှိခဲ့သည်။ ထုတ်လုပ်မှုဆိုင်ရာ အညွှန်းကိန်းခွဲသည် ၅၁.၇ သို့ မြင့်တက်ခဲ့ပြီး ဩဂုတ်လကထက် ၁.၃ ရာခိုင်နှုန်းအမှတ် တိုးတက်လာခဲ့သလို မှာယူမှုအသစ်များဆိုင်ရာ အညွှန်းကိန်းမှာလည်း ၅၀.၅ ရှိခဲ့ကာ သတ်မှတ်ချက်အထက်တွင် ဆက်လက်ရှိနေခဲ့သည်။
ထုတ်လုပ်မှု အရှိန်အဟုန်မြင့်တက်လာမှုကြောင့် လုပ်ငန်းများ၏ ဝယ်ယူလိုစိတ်မှာလည်း အားကောင်းလာခဲ့ပြီး ဝယ်ယူမှုပမာဏဆိုင်ရာ အညွှန်းကိန်းအနေဖြင့် ၅၁.၀ သို့ ရောက်ရှိခဲ့ကာ ယခင်လကထက် ၀.၅ ရာခိုင်နှုန်းအမှတ် တိုးတက်လာခဲ့ကြောင်း ဟော့က ပြောကြားခဲ့သည်။
စက်ပစ္စည်းကိရိယာထုတ်လုပ်မှုလုပ်ငန်း၊ နည်းပညာမြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် စားသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းတို့၏ PMI တန်ဖိုးများမှာ ၅၁၊ ၅၂.၅ နှင့် ၅၀.၇ တို့၌ အသီးသီး ရှိခဲ့ပြီး အားလုံးသည် တိုးချဲ့မှုရှိသော အခြေအနေတွင် ဆက်လက်တည်ရှိနေခဲ့သည်။
နိုင်ငံတကာ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အချို့သော စက်မှုလုပ်ငန်းများတွင် ဝယ်လိုအား တိုးတက်လာခြင်းတို့၏ သက်ရောက်မှုကြောင့် အဓိကကုန်ကြမ်းများအတွက် ဝယ်ယူမှုဈေးနှုန်း အညွှန်းကိန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ စက်ရုံထွက်ဈေးနှုန်း အညွှန်းကိန်းတို့က ၆၀.၈ နှင့် ၅၄ တို့၌ အသီးသီးရှိခဲ့ပြီး ယခင်လကထက် ၄.၂ ရာခိုင်နှုန်းအမှတ်နှင့် ၃.၆ ရာခိုင်နှုန်းအမှတ်စီ အသီးသီး မြင့်တက်လာခဲ့သည်။
စီးပွားရေးလုပ်ငန်းများ ပြန်လည်သွက်လက်လာသည်နှင့်အမျှ အလတ်စားနှင့် အသေးစား ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ PMI တန်ဖိုးများမှာ ၄၉.၇ နှင့် ၄၈.၉ တို့၌ အသီးသီး ရှိခဲ့ပြီး ယခင်လကထက် ၀.၃ ရာခိုင်နှုန်းအမှတ်နှင့် ၁ ရာခိုင်နှုန်းအမှတ်စီ အသီးသီး တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
.................
(English Version)
China's manufacturing PMI at 50.1 in September
BEIJING, Sept. 30 (Xinhua) -- The purchasing managers' index (PMI) for China's manufacturing sector stood at 50.1 in September 2026, up 0.3 percentage points from August and back to the expansion zone, official data showed on Wednesday.
A reading above 50 indicates expansion, while a reading below 50 signifies contraction.
The manufacturing sector's business climate improved further in September, with the PMI rising for a second consecutive month, said Huo Lihui, a chief statistician with the National Bureau of Statistics.
Among the 21 industries surveyed, 12 reported a PMI above the expansion threshold, four more than the previous month, Huo noted.
The sector saw expansion in both manufacturing output and market demand in September. The production sub-index climbed to 51.7, up 1.3 percentage points from August, while the new orders index was at 50.5, still above the threshold.
Driven by the acceleration in production, enterprises' willingness to purchase strengthened, with the procurement volume index reaching 51.0, an increase of 0.5 percentage points from the previous month, said Huo.
PMI for the equipment manufacturing industry, the high-tech manufacturing industry and the consumer goods industry stood at 51, 52.5 and 50.7, respectively, all remaining in the expansion zone.
Affected by rising international commodity prices and growing demand in some industries, the purchasing price index for major raw materials and the ex-factory price index for manufacturing stood at 60.8 and 54, respectively, up 4.2 percentage points and 3.6 percentage points from the previous month.
PMI for medium-sized and small manufacturing enterprises came in at 49.7 and 48.9, respectively, increases of 0.3 percentage points and 1 percentage point from the previous month, as business activity picked up. ■
Photo caption: Robotic arms grab parts of washing machines on a production line at the Haier Qingdao Washing Machine Interconnected Factory in Qingdao, east China's Shandong Province, May 12, 2026. (Xinhua/Li Ziheng)








