
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီ၌ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ရန် အတင်းအကျပ် တွန်းအားပေးခြင်းကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက စက်တင်ဘာ ၁၇ ရက် လုံခြုံရေးကောင်စီ၌ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုကော်မတီ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ပိုင်ခွင့်သက်တမ်းတိုးရေး ဆုံးဖြတ်ချက်မူကြမ်းဆိုင်ရာ မဲခွဲဆုံးဖြတ်မှုအပြီးတွင် ပြောကြားခဲ့သည်။
ဖုချုံးက လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ပွဲများ ရှည်ကြာနေပြီး အီရန်နျူကလီးယားအရေး နိုင်ငံရေးအရ ဖြေရှင်းရေးလုပ်ငန်းစဉ်မှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ အခြေအနေ တည်ငြိမ်မှုမရှိလေ လုံခြုံရေးကောင်စီအနေဖြင့် ခေါင်းဆောင်မှုစွမ်းရည်ကို ပြသရန်၊ တာဝန်ယူမှုရှိသော သဘောထားဖြင့် ဆောင်ရွက်ရန်၊ စံနှုန်းနှစ်မျိုး၊ နိုင်ငံရေးအရ ခြယ်လှယ်မှုနှင့် ဖိအားပေး ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားရန် လိုအပ်လေ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ခြင်း၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းတို့မှစတင်ကာ အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနှင့် သံတမန်ရေးအရ ဖြေရှင်းမှုဆိုင်ရာ အလုံးစုံအခင်းအကျင်းကို ရှုမြင်လျက် အဆိုပါဆုံးဖြတ်ချက်မူကြမ်းအား ကန့်ကွက်မဲပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်ကို စိစစ်တည်ပြုသည့် လုံခြုံရေးကောင်စီ အမှတ် ၂၂၃၁ ဆုံးဖြတ်ချက်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် သက်တမ်းကုန်ဆုံးပြီးဖြစ်ကာ လုံခြုံရေးကောင်စီသည် အီရန်နျူကလီးယားအရေး စိစစ်သုံးသပ်မှုကို ရပ်ဆိုင်းပြီးဖြစ်ကြောင်း၊ အထက်ပါအဖြစ်မှန်များကို လျစ်လျူရှုကာ လုံခြုံရေးကောင်စီ၌ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ရန် အတင်းအကျပ် တွန်းအားပေးခြင်း၊ သိသာထင်ရှားသော အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခြင်းသည် လုံခြုံရေးကောင်စီ၏ စည်းလုံးမှုနှင့် ယုံကြည်စိတ်ချရမှုကိုသာ ထိခိုက်စေပြီး သံတမန်ရေးကြိုးပမ်းမှုများအတွက် အတားအဆီးများ ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာ ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်ရှိအရေးကြီးဆုံးတာဝန်မှာ သက်ဆိုင်သူများအား အေးဆေးတည်ငြိမ်စွာ ထိန်းထိန်းသိမ်းသိမ်းရှိကြရေးကို တွန်းအားပေးရန်၊ အင်အားသုံးခြင်း သို့မဟုတ် အင်အားအသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းကို ရပ်တန့်ရန်၊ တင်းမာမှုများကို လျှော့ချရန်နှင့် သက်ဆိုင်သူများက အပစ်အခတ်ရပ်စဲရေး ပြန်လည်ဖော်ဆောင်ရန်၊ ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်ရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိရန်အတွက် လိုအပ်သော အခြေအနေများ ဖန်တီးပေးရန်တို့ကို တက်ကြွစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
စစ်ရေးနည်းလမ်းများနှင့် ပိတ်ဆို့အရေးယူမှုဖိအားများသည် ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူမပြုဘဲ တင်းမာမှုကိုသာ ပိုမိုဆိုးရွားစေပြီး အခြေအနေမြင့်တက်မှုသည် မည်သည့်ဘက်၏ အကျိုးစီးပွားနှင့်မျှ မကိုက်ညီကြောင်း၊ တန်းတူညီမျှသော ဆွေးနွေးညှိနှိုင်းခြင်းသာလျှင် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီ၏ မည်သည့်ဆောင်ရွက်မှုမဆို သက်ဆိုင်သူများက တန်းတူညီမျှရှိသည့်အခြေခံပေါ်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်၊ အချင်းချင်း၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားသည့် ဘုံဆခွဲကိန်းကို ရှာဖွေရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်လင့်ချက်များနှင့် ကိုက်ညီသော ဖြေရှင်းမှုနည်းလမ်းရရှိရန် အထောက်အကူပြုသင့်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် စက်တင်ဘာ ၁၇ ရက်တွင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုကော်မတီ ကျွမ်းကျင်ပညာရှင်အဖွဲ့၏ လုပ်ပိုင်ခွင့်သက်တမ်းတိုးရေး ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။ အမေရိကန်နိုင်ငံမှ ရေးဆွဲတင်သွင်းသော အဆိုပါဆုံးဖြတ်ချက်မူကြမ်း၏ မဲခွဲဆုံးဖြတ်မှုရလဒ်မှာ ထောက်ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲ ၂ မဲနှင့် ကြားနေမဲ ၂ မဲဖြစ်ခဲ့သည်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့သဖြင့် အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို ပယ်ချခဲ့ကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
中方反对在安理会强推恢复对伊朗制裁
新华社联合国9月17日电 中国常驻联合国代表傅聪17日在安理会就伊朗制裁委员会专家小组授权延期决议草案投票后发言,表示中方反对在安理会强推恢复对伊朗制裁。
傅聪说,当前中东地区战事延宕,伊朗核问题政治解决进程深陷僵局。形势越是动荡,安理会越要展现领导力,以负责任态度采取行动,避免双重标准、政治操弄、施压对抗。中方从捍卫公道正义、维护中东地区和平稳定出发,着眼伊核问题政治外交解决大局,对决议草案投了反对票。
他说,核可伊朗核问题全面协议的安理会第2231号决议已于2025年10月18日到期终止,安理会已终止审议伊朗核问题。无视上述事实,在安理会强推恢复对伊朗制裁、提出明显具有争议的决议草案,只会损害安理会团结和信誉,给外交努力制造障碍。中方对此坚决反对。 傅聪说,国际社会包括安理会的当务之急是推动当事方保持冷静克制,停止使用武力或以武力相威胁,缓和紧张局势,积极为当事方恢复落实停火、重返谈判、达成和平协议创造必要条件。军事手段和制裁施压无助于解决问题,只会加剧紧张,升级局势不符合任何一方利益,平等对话谈判才是唯一正途。安理会的任何行动应有助于当事方在平等基础上开展谈判,找到兼顾彼此合理关切的最大公约数,达成符合国际社会期待的解决方案。
联合国安理会17日未能通过伊朗制裁委员会专家小组授权延期决议。这一由美国起草的决议草案表决结果为:11票赞成、2票反对、2票弃权。安理会常任理事国俄罗斯和中国投了反对票,决议草案被否决。(完)
图说:9月17日,在位于纽约的联合国总部,联合国安理会就伊朗制裁委员会专家小组授权延期决议草案进行表决。新华社发(联合国供图/洛伊·费利佩摄)
