
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် (၂၃) ကြိမ်မြောက် အရှေ့တောင်အာရှ ကြက်ခြေနီလခြမ်းနီ အသင်းခေါင်းဆောင်များ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အစည်းအဝေးဖွင့်ပွဲကို စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပခဲ့ပြီး အစည်းအ၀ေးဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အစည်းအဝေးနှင့် ဆက်စပ်ဖိုရမ်များကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသော အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “Unity in Humanitarian Action: Building a Better Tomorrow” သည် ယနေ့ခေတ် ကမ္ဘာတစ်ဝန်း ကြုံတွေ့လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရန် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ပေါ်လွင်ထင်ဟပ်စေကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကဏ္ဍတွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ် နိုင်ငံတစ်ဝန်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လိုအပ်နေသူများထံ ရောက်ရှိနိုင်ရေး အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ Asia Pacific Regional Office မှ Deputy Regional Director Ms. Juja Kim နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) Geneva မှ Director of International Law, Movement and Partnership Dr. Cordula Droege တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အရှေ့တောင်အာရှ ကြက်ခြေနီလခြမ်းနီအသင်း ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၁၂ ခုနှစ်တွင် အိမ်ရှင်အဖြစ် ပထမအကြိမ် လက်ခံကျင်းပခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခြင်း ဖြစ်သည်။ (Xinhua)








