ရန်ကုန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်/ဝမ်းလျှောကြောင့် ဆေးရုံတက်လူနာ ၁၇၁ ဦးထိ ရှိလာကြောင်းနှင့် ၎င်းတို့အနက် လူနာ ၉၀ ကျော်တွင် ပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (သြဂုတ် ၁၃ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ရောဂါကြောင့် ဆေးရုံတက်လူနာများအနက် ၅၄ ဦးသည် ပြင်းထန်သော ဝမ်းရောဂါခံစားနေရကြောင်း၊ ယင်းဝမ်းပျက်/ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ တစ်ဦးလည်း ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားရသည့် အတိအကျအကြောင်းရင်းကို ယခုအချိန်ထိ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်များတွင် ဖြစ်ပွားမှုအများဆုံး တွေ့ရှိရကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဝမ်းပျက်/ဝမ်းလျှောရောဂါကြောင့် လမ်းဘေးဈေးသည်များ (အစားအသောက်ဆိုင်များ) ကို ပိတ်သိမ်းခြင်းနှင့် ရောဂါအဖြစ်များနေသည့် မြို့နယ်များမှ ရေနှင့် အစားအသောက်များကို စစ်ဆေးခြင်း အပါအဝင် ကာကွယ်ရေးဆောင်ရွက်ချက်များကို ဒေသန္တရအာဏာပိုင်များက ဆောင်ရွက်ထားကြောင်း သိရသည်။
လူထုအနေဖြင့် ရေကိုဆူအောင် ကျိုချက်သောက်သုံးရန်၊ အစားမစားမီနှင့် စားသုံးပြီးပါက ဆပ်ပြာဖြင့် လက်ကိုသေချာစွာ ဆေးကြောရန်နှင့် သန့်ရှင်းမှုမပြည့်ဝသော အစားအသောက်များကို ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မိုးကြီးရေလျှံမှုများကြောင့် သောက်သုံးရေကန်များ၊ ရေတွင်းများနှင့် အဝီစိတွင်းများသို့ မသန့်ရှင်းသောရေဆိုးများ ဝင်ရောက်ကာ ရေထုကို ထိခိုက်စေခြင်းကြောင့် ဝမ်းရောဂါများ အဓိကဖြစ်ပွားလေ့ရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
မသန့်ရှင်းသောရေဆိုးများမှတစ်ဆင့် ကာလဝမ်းရောဂါပိုး (Vibrio cholerae) နှင့် အခြားဘက်တီးရီးယားပိုးများ ပျံ့နှံ့ခြင်းသည်လည်း ဝမ်းရောဂါပြန့်ပွားမှုကို ဖြစ်စေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဝမ်းရောဂါဖြစ်ပွားမှုကို မတ်လမှ စက်တင်ဘာလအတွင်းတွင် အများဆုံးတွေ့ရလေ့ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)








