နေပြည်တော်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁.၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက်တွင်  သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးအား ရောင်စုံပလတ်စတစ်ဆပ်ပြာခွက် ၆,၆၀၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၅၉.၄ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ် ၁.၄၈၅ ဘီလီယံ) အား HIJET မော်တော်ယာဉ်  ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသော ဘိန်းဖြူများကို  လွှဲပြောင်းပေးခဲ့သူ ကျောက်မဲမြို့နေ အမျိုးသားတစ်ဦး (ဖမ်းဆီးရန်ကျန်) နှင့် လားရှိုးမှ မန္တလေးသို့ ပို့ဆောင်ရောင်းချပေးသူ အမျိုးသားတစ်ဦး (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားခံများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)