
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတော်သို့ ရှေးဟောင်းပစ္စည်းများ အပ်နှံခဲ့ကြသူများအား ငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါဆုများကို သြဂုတ် ၄ ရက်က နေပြည်တော်၌ ကျင်းပသည့် အခမ်းအနားတွင် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းပစ္စည်းပေါင်း ၁,၁၇၃ ခု လှူဒါန်းခဲ့သူများအား ငွေကျပ် ၁၀၄.၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ခန့်) နှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်း အပ်နှံသော ရှေးဟောင်းပစ္စည်းများသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်တို့မှ ဖြစ်ကြောင်း၊ ၎င်းတို့တွင် ရွှေပန်းကနုတ်အပိုင်းအစ၊ ငွေဒင်္ဂါး၊ ကျောက်ကွင်း၊ ကျောက်ပုတီးစေ့၊ ကြေးအလေး၊ ကြေးခလောက်၊ ကြေးသတ္တုစပ်ပြား၊ မြေထည်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ဂုဏ်ပြုဆုလက်ခံရရှိသူများတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။
ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်းများသည် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ခိုင်မြဲသော သမိုင်းဝင်အမွေအနှစ်များ၏ တန်ဖိုးမဖြတ်နိုင်သော သင်္ကေတများဖြစ်သည့်အတွက် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန် အလွန်အရေးကြီးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည့်ပစ္စည်းများကို အမျိုးသားပြတိုက်များတွင် စနစ်တကျ ထိန်းသိမ်းပြသသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)








